26 C
Yangon

ပေါက်မြို့နယ်၊ တောင်မြင့်ကျေးရွာမှ CDM ကျောင်းဆရာ ဦးစောထွန်းမိုးကို စစ်တပ်က ခေါင်းဖြတ် သတ်ပြီး ကျောင်းတံခါးတွင် ခေါင်းပြတ်ချိတ်ခဲ့ကာ လက်စွပ်နှင့်နာရီကို လက်ဖြတ်လုယူ၊ တန့်ဆည်တွင်လည်း စစ်တပ်၏ သတ်ဖြတ်မှုကြောင့် လူငယ်တစ်ဦးနှင့် အဘွားအိုတစ်ဦး သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၈

မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်မြင့်ကျေးရွာမှ CDM ကျောင်းဆရာ ဦးစောထွန်းမိုးကို စစ်တပ်က အောက်တို ဘာ လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ဖမ်းဆီး‌ ခေါင်းဖြတ်သတ်ပြီး ကျောင်းတံခါးတွင် ခေါင်းပြတ်ကို ချိတ်ဆွဲခဲ့ကာ လက်စွပ်နှင့်နာရီကိုလည်း လုယူသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ကများက တောင်မြင့်ကျေးရွာသို့ ဝင်ရောက်လာပြီး CDM ကျောင်းဆရာ ဦးစောထွန်းမိုးကို သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း၊ သတ်ဖြတ်ရာတွင် ရက်ရက်စက်စက် သတ်ဖြတ်ခြင်းဖြစ်ပြီး ခြေလက်ခေါင်းများကို ဖြတ်တောက်ပြီး ခေါင်းပြတ်ကို ကျောင်းတံခါးတွင် ချိတ်ဆွဲသွားကြောင်း၊ ဆရာဦးစောထွန်းမိုးသည် အသက် ၄၅ နှစ်အရွယ် ရှိနေပြီဖြစ်ပြီး ဇနီးနှင့်သားတစ်ဦး ကျန်ရစ်ကြောင်း ိသရှိရသည်။

“စစ်တပ်က တမင်ကို ဖမ်းပြီး သတ်ဖြတ်သွားတာပါ။ ရွာနားတွေ့လို့ ဖမ်းပြီး တမင်လုပ်ခဲ့တာ။ ရွာကိုလည်း မီးရှို့သွားတော့ ပြာကျသွားတယ်။ သားလေးတစ်ယောက်ပဲရှိတာ။ လက်တွေလည်း ဖြတ်သွားတယ်။ လက်စွပ်နဲ့နာရီ ယူသွားတယ်။ ကျောင်းရှေ့မှာ သတ်တာ။ တောင်မြင့်ရွာစာသင်ကျောင်းပါ။ ကျောင်းကလည်း မီးရှို့ခံထားရတယ်။ ဒီကောင်တွေ စစ်ရာဇဝတ်မှုကျူးလွန်တာ” ဟု ပေါက်မြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

အလားတူ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ဝရငယ်ရွာသား ကိုဖိုးဖြူကိုလည်း စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

ဝရငယ်ကျေးရွာမှ အသက် ၂၆ အရွယ် ကိုဖိုးဖြူသည် အောက်တိုဘာလ ၁၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ် ကြောင်း ကျေးရွာအတွင်း ဝင်ရောက်လာစဥ်ဖမ်းဆီးခဲ့ပြီး ချောင်းဦးရွာအနီး၌ သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းကခရမ်းခြံရွာ အနီး အကြမ်းဖက် စစ်တပ် ရောက်ရှိကြောင်းသတင်း ရ၍ ထွက်ပြေးတိမ်းရှောင်သည့် အသက် ၇၂ အရွယ် အဘွားအိုတစ်ဦး အမောဖောက် သေဆုံးခဲ့ကြောင်း သိရသည်။

တန့်ဆည် မြို့နယ်အတွင်း လှည့်လည်နေသည့် အကြမ်းဖက် စစ်တပ်မှာ တပ်မ ၃၃ လက်အောက်ခံ ခမရ ၃၆၈ တပ်ဖွဲ့ဝင်များဖြစ်ပြီး အောက်တိုဘာလ ၁၇ ရက်နေ့ ညပိုင်းတွင် သပြေရင်းရွာ၊ ရွေကြာတန်းရွာ၊ ခရမ်းခြံ(ခ)ပဲခင်းကြီးရွာများတွင် ၃ နေရာခွဲ၍ ညအိပ်စခန်းချထားကြောင်းသိရသည်။

” ဒီနေ့က ဝါရငယ်ရွာက ကိုဖိုးဖြူရယ်။ ခရမ်းခြံရွာက အဖွားအို တစ်ဦးရယ် သေဆုံးတယ်။ ကိုဖိုးဖြူက စစ်ခွေးတွေ ဖမ်းဆီးသတ်ဖြတ်သွားတာ။ အဖွားအိုက စစ်ဘေးရှာင်ရင်း အမောဖောက်ပြီး ဆုံးတာပေါ့။ စစ်ကြောင်းတွေမှာက စစ်ခွေးက နည်းနည်း ပျူစောထီးတွေက ပိုများနေတယ်။ ကန့်ဘလူဘက်က ပျူစောထီး ခေါင်းဆောင် ဘုန်းကြီးဝါသဝ ဦးဆောင်တဲ့ ပျူတွေ ကန့်ဘလူ တန့်ဆည် ကျွန်းလှ သုံးမြို့နယ်အစပ် မှော်တောရွာမှာ အဲကောင်တွေ ကြီးစိုးနေတာ တန့်ဆည်မြောက်ပိုင်း ကျွန်းလည် ၊ ကဘဲ ၊ ဘေရင်း ၊ မူးခွ ၊ မူးတိမ် အာ့ရွာတွေလည်း နဂိုထဲက ကြံ့ဖွတ်ပါတီဝင်တွေများတော့ အခု အကုန် ပျူဖြစ်သွားပြီ” ဟု Taze News မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

လက်ရှိအချိန်တွင် စစ်တပ်စစ်ကြောင်းက လှည့်လည်နေသောကြောင့် သပြေရင်း၊ ခရမ်းခြံ၊ ပဲခင်းကြီး၊ ရွှေကြာတန်း၊ ကုန်းရိုး၊ ရွာသစ်၊ ရွှေတုန်း၊ ညောင်ရင်း၊ ကုန်စွာ၊ လက်ဆည်၊ ပေကုန်း၊ အင်တောရိုး၊ ကော်တက်၊ ဥသျှစ်ကုန်း၊ ဖိုနုတ်၊ စသည့် ကျေးရွာများမှ ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေရပြီး အနီးနားကျေးရွာများ စိုးရိမ်ထိတ်လန့်နေကြကြောင်း သိရသည်။

ဓာတ်ပုံ-ပေါက်မြို့နယ်၊ တောင်မြင့်ကျေးရွာမှ CDM ကျောင်းဆရာ ဦးစောမိုးထွန်းကို စစ်တပ်က ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ဖြတ်ထားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article