ရန်ကုန်၊ အောက်တိုဘာ ၁၈
ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်ရှိ၊ မြို့မရဲစခန်း၏ ရဲကင်းကို မြို့ပြပြောက်ကျားအဖွဲ့ဖြစ်သည့် Yangon UG Association (YUA) က အောက်တိုဘာလ ၁၈ ရက် ယနေ့ နေ့လယ် ၁ နာရီ ၂၅ မိနစ်တွင် အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ရဲကင်းစခန်းကို YUA က အဝေးထိန်း ဗုံး ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြောက်ကျားရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း YUA က ထုတ်ပြန်သည်။
ရန်ကင်းဒေသခံတစ်ဦးက ” ရန်ကင်း ကန်ဘဲ့လမ်း ရဲစခန်းရှေ့ ရေမြောင်းအတွင်း ဗုံးတစ်လုံးကွဲပါတယ်။ အထိအခိုက်မရှိဘူးလို့ကြားပါတယ်။ အသံတော့ အတော်ကိုကျယ်တယ်” ဟု ပြောသည်။
အလားတူ သာကေတမြို့နယ်၊ ရန်ပြေ၊ မာန်ပြေနားတွင် ယနေ့ မွန်းလွဲ ၁၂ နာရီ ၅၄ မိနစ်အချိန် ဗုံးပေါက်ကွဲသံကြားရကြောင်း၊ ဗိုလ်တထောင်မြို့နယ်တွင် ယ နေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်အချိန် ဗုံးပေါက်ကွဲသံကျယ်လောင်စွာ ကြားရကြောင်း ဒေသခံများက ပြောဆိုကြသည်။
ထို့ပြင် စစ်ကိုင်းအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရုံး ယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပစ်ခတ်ခံရကြောင်း ၊ အချက် ၂၀ ခန့်ပစ်ခတ်ခံရပြီး လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရန်ကုန်ရှိ လမ်းဆုံလမ်းခွများတွင်ရှိနေသည့် စစ်ကောင်စီလုံခြုံရေးဘန်ကာတစ်ခု။
Photo- Agency ။