ရန်ကုန်၊ အောက်တိုဘာ ၂၃
မကွေးတိုင်း မြိုင်မြို့နယ် လင်းကတောရွာကို အကြမ်းဖက် စစ်တပ်က မီးတင်ရှို့နေကြောင်း We Love Myaing အဖွဲ့ထံမှ သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လင်းကတောရွာကို ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ဝင်ရောက်စီးနင်း မီးရှို့နေခြင်း ဖြစ်ပြီး ကျေးရွာအတွင်းရှိ ပျက်စီးဆုံးရှုံးမှုနှင့် ပြည်သူများ ထိခိုက်မှုအခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
“မနေ့က လင်းကတောရွာကို ရောက်လာတဲ့ စစ်ခွေးတွေ ရွာ ဒီနေ့ နံနက် မီးရှို့နေတာပါ။ ရွာတွေက ပျက်စီးဆုံးရှုံးမှု အခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူး။ ပြည်သူတွေ ထိခိုက်မှုရှိမရှိလည်း အတည်မပြုနိုင်သေးဘူး” ဟု We Love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် မြိုင်မြို့နယ်အတွင်းရှိ ဝက်ကျရွာတွင် ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ပန်းတိုင်းတောရွာ အနီးရောက်ရှိနေသော စစ်ကြောင်းများက ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် မုံညင်းရွာနှင့် မင်းကန်ရွာကို ဝင်ရောက် စီးနင်းနေပြီး သေနတ်များဖြင့် ရမ်းကား ပစ်ခတ်နေကြောင်း သိရသည်။
