ရန်ကုန်၊ နိုဝင်ဘာ ၁၆
ရခိုင်ပြည်၊ မောင်တောမြို့နယ် ဂြိတ်ချောင်းကျေးရွာတွင် ယနေ့ နိုဝင်ဘာ ၁၆ ရက် နေ့လယ်ပိုင်းခန့်က စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးများကျရောက်လာမှုကြောင့် ကလေးငယ်များအပါအဝင် ပြည်သူ ၁၀ ဦးထက်မနည်းသေဆုံးသွားသည်။
လက်နက်ကြီးမှာ အရေအတွက်အားဖြင့် ၃ လုံးခန့်ကျရောက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ ၁၀ ဦးရှိကာ ဒဏ်ရာရသူ ၂၇ ဦးထိရှိကြောင်း၊ ယင်းအထဲတွင် ဒဏ်ရာပြင်းထန် သည့် ၅ ဦးစိုးရိမ်ရသည်အနေထားရှိကြောင်း ဂြိတ်ချောင်းကျေးရွာသားတစ်ဦးက ပြော သည်။
“လက်နက်ကြီးကျည်က ၃ လုံးလောက်တော့ကျတယ်။ သေတာက ၁၀ ယောက်။ အမျိုးသား ပိုများတယ်။ ဒဏ်ရာရတာက ၂၇ ယောက်ရှိတယ်။ ဒဏ်ရာရတဲ့ ၅ ဦးက အရမ်းကို စိုးရိမ်ရတယ်”ဟုပြောသည်။
လက်ရှိတွင် သေဆုံး၊ ဒဏ်ရာရသူများကို မောင်တောဆေးရုံသို့ ပို့ဆောင်ထားပြီး ကျေးရွာသားများလည်း ကြောက်လန့်ပြီး တစ်ခြားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျေးရွာသားများကပြောသည်။
ဂြိတ်ချောင်းကျေးရွာတွင် မောင်တောမြောက်ပိုင်းဖက်ရှိ ကျေးရွာတစ်ခုဖြစ်ပြီး အဆိုပါကျေးရွာအနီးတွင် စစ်ကောင်စီတပ်၏ ကြိမ်ချောင်း ၂၄ ဂိတ်နှင့် နခခ (၇) တို့ရှိ အဆိုပါ စစ်ကောင်စီတပ်များ လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်မှုရှိကြောင်း ကျေးရွာဒေသခံများက ပြောသည်။
နိုဝင်ဘာ ၁၆ ရက် မောင်တောရှိ ဂြိတ်ချောင်း ကျေးရွာလက်နက်ကြီးအပစ်ခံရသည့် အချိန်တွင်ပင် ကျောက်တော်မြို့နယ် ချောင်းတူ ကျေးရွာကိုလည်း စစ်ကောင်စီလက်အောက်ခံ ကန်စောက် ၅၃၉ တပ်ရင်းမှ လက်နက်ကြီးပစ်ခတ်ခဲ့မှုကြောင့် အမျိုးသား ၄ ဦးသေဆုံးကာ အမျိုးသမီး ၂ ဦးဒဏ်ရာရရှိခဲ့သေးသည်။
ရခိုင်တွင် ယနေ့ နိုဝင်ဘာ ၁၆ ရက်တစ်နေ့တည်းတွင်ပင် စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၄ ဦးထိရှိနေပြီ ဒဏ်ရာရသူ ၂၉ ဦးခန့်ရှိပြီဖြစ်သည်။
ယခုရက်ပိုင်းများအတွင်း စစ်ကောင်စီမှ မြို့ရွာအလိုက် လူနေကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်မှုမှာ ဆက်တိုက်ရှိနေပြီး ထိုသို့ပစ်ခတ်မှုကြောင့် နိုဝင် ဘာ ၁၀ ရက်နေ့တွင် ပုဏ္ဏားကျွန်း အိုင်ဒင်မှ ၂ ဦး၊ ၁၁ ရက်နေ့တွင် ကျောက်တော် ရွှေပြည်သစ်မှ ၆ ဦး၊ ၁၂ ရက်နေ့တွင် မြောက်ဦး ကျောင်းတောင်မှ ၂ ဦး၊ ၁၅ ရက်နေ့တွင် ပုဏ္ဏားကျွန်း ကွမ်းတောင်မှ ၁ ဦးတို့ အသီးသီး ထိခိုက်မှုတို့ ရှိခဲ့ကြသည်။