ရန်ကုန်၊ နိုဝင်ဘာ ၂၀
စစ်အာဏာသိမ်းထားသော မြန်မာနိုင်ငံတွင် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုနှင့်လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရှုတ်ချပြီး မြန်မာပြည်သူများနှင့်ရပ်တည်ကြောင်း အမေရိကန်ဒုသမ္မတ Kamala Harrisက ထိုင်းဝန်ကြီးချုပ်ပရာယွတ်ကို ပြောဆိုလိုက်သည်။
နိုဝင်ဘာလ ၁၉ ရက်နေ့ အမေရိကန်ဒုတိယသမ္မတ Kamala Harris နှင့် ထိုင်းဝန်ကြီးချုပ် ပရာယွတ် တို့ တွေ့ဆုံစဉ် ထိုသို့ ထိုင်းဝန်ကြီးချုပ်ကို အသိပေး ပြောဆိုလိုက်ခြင်းဖြစ်သည်။
အမေရိကန်ဒုတိယသမ္မတက မြန်မာနိုင်ငံတွင် ပိုမိုဆိုးရွားလာသော အကျပ်အတည်းများကို ထိုင်း ဝန်ကြီးချုပ်နှင့် ဆွေးနွေးပြီး မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကြိုးပမ်းရာတွင် မြန်မာပြည်သူပြည်သားများအတွက် နိုင်ငံတကာအသိုင်းအဝိုင်း၏ ထောက်ခံမှုကို အရေးကြီးသည်ဟု ပြောဆိုသည်။
ထို့ပြင် အမေရိကန် ဒုသမ္မတက မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရှုတ်ချကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် မြန်မာပြည်သူများအတွက် လူသား ချင်းစာနာမှုဆိုင်ရာ အကူအညီများကို အစဉ်အဆက် အကူအညီပေးခဲ့မှုများကို ပြန်ပြောင်း ပြောဆိုသည်။
အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေသည်ကို အမေရိကန် ဒုတိယသမ္မတက ထိုင်ဝန်ကြီးချုပ်ထံသို့ တရားဝင် အသိပေး ပြောဆိုခဲ့ကြောင်း အမေရိကန်အစိုးရ အိမ်ဖြူတော်က တရားဝင် သတင်းထုတ်ပြန်သည်။
ဓာတ်ပုံ- နိုဝင်ဘာလ ၁၉ ရက်နေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် အမေရိကန်ဒုတိယသမ္မတနှင့် ထိုင်းဝန်ကြီးချုပ် တွေ့ဆုံစဉ်။