ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
စစ်ကိုင်းတိုင်း ကောလင်းမြို့အတွင်း ပတ်ကင်းလှည့်နေသည့် အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းကို ဖေဖော်ဝါရီလ ၂၁ရက်နေ့ မွန်းလွဲ ၂နာရီ ၃ဝမိနစ်ခန့်တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၃ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းတွင် ကားသေး၂စီးနှင့် အကြီး ၁စီး ပါဝင်ပြီး ကောလင်းမြို့ အရှေ့ဘက် ဆောက်လက် စကားကြီး ကွင်းအရှေ့ ရွှေမင်းဝံလမ်းမကြီးပေါ်တွင် မိုင်းဆွဲ တိုက်ခိုက်ခံရကာ နောက်မှ လိုက်ပါ လာသည့် စစ်ကား အကြီးထိမှန်ခဲ့ပြီး ကားပေါ်လိုက်ပါလာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၃ဦးထက်မနည်း သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် တောင်တွင်းဒေသအထက်ပိုင်း စစ်လျင်ချောင်း ကျေးရွာတွင် အနီးတွင် ဖေဖော်ဝါရီလ ၂၀ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီ တပ်သားနှင့် ပျူစောထီး အဖွဲ့ဝင် အင်အား ၁၀၀ခန့်ပါဝင်သော စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး အဖွဲ့ ၄ဖွဲ့ ပူးပေါင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်များ မိုင်းဆွဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကနီမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (၂) ထံမှ သိရသည်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ဆယ်ရွာဒေသသို့ ခြေလျင် စစ်ကြောင်းဖြင့် ထွက်ခွာလာခြင်းဖြစ်ပြီး ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ဖြစ်သော KPDF-2၊ ရွှေသမင်မုဆိုး TD PDF၊ ရွှေတြိဂံတပ်ရင်း၊ Special Regional Attack Force-Monywa တပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စစ်ကိုင်းတိုင်း ၅၁ လမ်းဆုံ – ယင်းမာပင် လမ်းပိုင်းရှိ အင်းကြင်တောင်အနီး ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၂နာရီခန့်က အကြမ်းဖက် စစ်ကောင်စီ စစ်ကား ၆စီးပါ ယာဉ်တန်းကို ပေပါမိုင်း ၃လုံး၊ အန်စာတုံမိုင်း ၃၃လုံးဖြင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့ ၄ဖွဲ့က ပူးပေါင်းကာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကားစီး တိမ်းမှောက်ကာ ကား ၁စီးမီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။
ယင်းတိုက်ခိုက်မှုကို Yinmarbin Local PDF၊ Triple Two၊ CGYDF ၊ MTOF၊ ဆာလင်းကြီး တကိုယ်တော် သုဘရာဇာ နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက် သေဆုံးမှု ရှိသော်လည်း အရေအတွင် မည်မျှ ကျဆုံးခဲ့သည်ကို အတည် မပြုနိုင် သေးကြောင်း အဆိုပါ ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ထုတ်ပြန်ထားသည်။
Photo – AFP