လန်ဒန်မြို့လယ်တွင် မြန်မာ အကြမ်းဖက်စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒပြပွဲသို့ ဗြိတိန် ပါလီမန်အမတ်များနှင့်အတူ NUG ဝန်ကြီး နှစ်ဦး တက်ရောက်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂
ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့လယ်ခေါင်တွင် မြန်မာအကြမ်းဖက်စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ပြုလုပ်ရာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် ဒေါက်တာ ခင်မမမျိုးတို့ တက်ရောက်ကြောင်း သိရှိရသည်။
အာဏာသိမ်း ၂ နှစ်ပြည့် စစ်ကောင်စီနှင့် စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ယမန်နေ့ လန်ဒန်မြို့ လယ်ရှိ Trafalgar Square တွင် ပြုလုပ်ရာ မြန်မာ့အရေး အားပေးထောက်ခံကြသော ဗြိတိန် ပြည်သူများ၊ ပါလီမန်အမတ်များ နှင့်အတူ တက်ရောက်ကြောင်း၊ မြန်မာ့ဒီမိုကရေစီရေးရာ ယူကေပါလီမန်အမတ်များ အဖွဲ့ ဥက္ကဌဖြစ်သူ Rushanara Ali၊ အထက်လွှတ်တော်အမတ်များ ဖြစ်ကြသော Lord Crisp နှင့် Baroness Cox ၊ THET organization မှ Dr Jim Brockbank၊ Burma Campaign UK မှ Executive Director Anna Roberts၊ Myanmar Accountability project တည်ထောင်သူ Christopher Guinness ၊ Representative from Global Women’s strike၊ Burmese Rohingya Organization မှ Ko Tun Khin တက်ရောက်ကြကြောင်း၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် သတ္တိရှိရှိတိုက်ပွဲဝင်နေကြသော ပြည်တွင်းမှ ပြည်သူများနှင့် တသားတည်းရှိကြောင်း၊ စစ်အာဏာရှင် စနစ်အမြစ်ဖြတ်နိူင်ရေးအတွက် ဆက်လက်၍ အတူတကွ ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ ကြိုးစားသွားမည်ဖြစ်ကြောင်း ကတိပြုကြသည်။
ဆန္ဒပြပွဲသို့ အမျိုးသားညီညွတ်ရေး အစိုးရ ကျန်းမာရေးနှင့် ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး၊ စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး ၊ ယူကေနိူင်ငံဆိုင်ရာ ကိုယ်စားလှယ်များဖြစ်ကြသော ဦးမောင်မောင်အောင် နှင့် ဒေါက်တာ သက်ကိုကို တို့က လည်း ပြည်ပရောက် တော်လှန်ရေး မိသားစုများနှင့် အတူတကွ ပါဝင်တက်ရောက်ကြသည်။