မင်္ဂလာဒုံတွင် စစ်တပ်က တပ်ပိုင်မြေဟုဆိုကာ ရပ်ကွက် ၅ ခုကို ဖယ်ရှားခဲ့မှုကြောင့် အိုးအိမ်မဲ့ ပြည်သူ ၃၀၀ ကျော်ခန့် မိမိတို့မြေနေရာများတွင် ပြန် နေထိုင်ခွင့်ရရေး စုဝေးတောင်းဆိုနေ
ရန်ကုန်၊ ဖေဖော်ဝါရီ ၅
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်အုပ်စုရှိ ရပ်ကွက် ၅ ခုကို စစ်တပ်က တပ် ပိုင်မြေ ဟုဆိုကာ အတင်းအကျပ် ဖျက်သိမ်းလိုက်ပြီးနောက် အိုးအိမ်မဲ့သွားကြသည့် ပြည်သူများက ၎င်းတို့ မြေအိမ်နေရာများတွင် ပြန်လည် နေထိုင်ခွင့်ရရှိရေး မတ်တပ်ရပ်၍ တောင်းဆိုနေကြကြောင်း သိရှိရသည်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် စစ်တပ်က မင်္ဂလာဒုံမြို့နယ် ရပ် ကွက် ၅ ခု မှ နေအိမ်များ၊ ဘုန်းကြီးကျောင်းများ၊ သီလရှင်ကျောင်းများ ကို ဘူဒိုဇာများဖြင့် ထိုးချဖျက်ဆီးခြင်းဖြစ်ပြီး စံသမာဓိရပ်ကွက်သည် စစ်တပ်၏ ရမ်းကား ဖျက်ဆီးမှုကို အဆိုးဝါးဆုံးခံခဲ့ရသော ရပ်ကွက်ဖြစ်ကြောင်း ၊ အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြသည့် ဒေသပြည်သူ ၃၀၀ ကျော်က မိမိတို့၏ နေရာများတွင် ပြန်လည် နေထိုင်ခွင့်ရရှိရေးအတွက် ရပ်ကွက်အတွင်း ပြန်လည် ဝင်ရောက်ရန် ကြိုးစားစဉ် စစ်တပ်နှင့်ရဲများက လာရောက် တားဆီးကြကြောင်း သိရှိရသည်။
“ဒီနေ့ မနက်ကစပြီး နေရာပြန်ရရှိရေးအတွက် လာကြတာ။ ရပ်ကွက်အတွင်းထဲကို စစ်တပ်ကနှင်ထုတ်လို့ လမ်းဘေးမှာထိုင်နေကြတာပါ။ ငြိမ်သက်စွာနဲ့တော့ထိုင်နေကြသေးတယ်။ စစ်တပ်က တစ်ဖက်မှာ သေနတ်တွေနဲ့စောင့်နေကြတယ်။ အကုန်လုံးကို နှင်ထုတ်နေတယ်။ အိမ်ငှားနေရတာအဆင်မပြေလို့။ လူဦးရေ ၂၀၀၊ ၃၀၀လောက်ရှိတယ်။ ရပ်ကွက်ထဲမှာ ပြန်နေဖို့ကြိုးစားနေကြတာပါ။ ပထမတော့ပြည်သူ ၁၀၀ ကျော်လောက်ကရပ်ကွက်ထဲ ဝင်ဖို့ကြိုးစားတာ။ စစ်ခွေးက ၇ယောက်လောက်၊ ရဲခွေးက ၃ကောင်ဘဲရှိတယ်။ စစ်ခွေး၃ကောင်ကယောက်ကျားလေးတွေခေါ်ထါ်ပြီးမိန်းကလေးတွေကိုပြန်ခိုင်းတယ်။ မိန်းကလေးတွေကလည်းမပြန်ဘူး။ အားလုံးစုပြီး ရပ်နေကြတာက အဖျက်ခံရတဲ့ စံသမာဓိရပ်ကွက်အရှေ့ လမ်းမကြီးဘေးမှာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီက ယမန်နှစ် နိုဝင်ဘာလအတွင်း မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်အုပ်စုရှိ ရပ်ကွက် ၅ ခုကို စစ်တပ်က ဖျက်ဆီးခဲ့ရာ မင်္ဂလာဒုံမြို့နယ်ရှိ ပျဉ်းမပင်ကျေးရွာအုပ်စုမှ မြဲမြံအောင်ရပ်ကွက်၊ ဓလပါ လရပ်ကွက်၊ စံသမာဓိရပ်ကွက်၊ ဂုန်ညှင်းနီ ရပ် ကွက်၊ မြဝတီရပ်ကွက်များမှ အိမ်ခြေ ၁ သောင်းနီးပါး ပျက်စီးသွားကြောင်း၊ လူဦးရေ ၅ သောင်းနီးပါးအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြသည်။


