ပြည်ထဲရေးဝန်ကြီး ဒုဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်ကို အထက်က ပေးအပ်သည့် တာဝန် မကျေပွန်မှုဖြင့် ရာထူးမှ ဖယ်ရှားဟုဆို
ရန်ကုန်၊ ဖေဖော်ဝါရီ ၇
အကြမ်းဖက်စစ်ကောင်စီက ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်ကို အထက် က ပေးအပ်သော တာဝန်ကို မကျေပွန်မှုဖြင့် ရာထူးမှ ဖယ်ရှားလိုက်ကြောင်း စစ်ဘက်သတင်းရင်းမြစ်ထံမှ သိရှိရသည်။
ဖေဖော်ဝါရီလ ၂ ရက်နေ့ အကြမ်းဖက်စစ်ကောင်စီက ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်ကို မူလ စစ်ဘက်တာဝန်များ ပြန်လည် ထမ်းဆောင် စေ သည်ဟုဆိုကာ ဒုဝန်ကြီး ရာထူးမှ ဖယ်ရှားလိုက်ပြီး ၎င်း၏နေရာတွင် အကြမ်း ဖက် လက်ရဲဇက်ရဲ သတ်ဖြတ်သူ စစ်ရာဇဝတ်မှုများ၏ တရားခံတစ်ဦးဖြစ်သော ဒုတိယ စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ် ဗိုလ်ချုပ်တိုးရီနှင့် အစားထိုးခဲ့ကြောင်း သိရှိရသည်။
“ဗိုလ်ချုပ်စိုးတင့်နိုင် ပြည်ထဲရေးဒုဝန်ကြီး ရာထူးကနေ ဖယ်ရှားခံရတာပါ။ အမိန့်ကြော်ငြာစာမှာ မူလ စစ်ဘက်တာဝန်ထမ်းဆောင်တယ်လို့ သုံးတာက ဒီလိုပဲ သုံးနှုန်း နေကြပါ။ အဓိက အကြောင်းအရင်းက အထက်က ပေးအပ်တဲ့ တာဝန်ကို မကျေပွန်မှုကြောင့်လို့ သိရပါတယ်။ ခင်ဗျားတို့ ဆီ ပေါက်ကြားတဲ့ လျှို့ဝှက် အစည်းအဝေးမှတ်တမ်း ကိစ္စကလည်း တစ်ခု အပါအဝင်ပဲ။ ဝန်ကြီး စိုးထွဋ်က ဒုဝန်ကြီးရဲ့ ဆောင်ရွက်မှုတွေကို သဘောမကျဘူး၊ မကြိုက်ဘူး ၊အားမရဘူး ဆိုတဲ့ မှတ်ချက်နဲ့ ဖယ်ရှားခံရတယ်လို့ သိရတယ်။ ထပ်ပြီး အတည်ပြုပြောနိုင်တာက ဗိုလ်ချုပ်စိုးတင့်နိုင်က ရာထူးက ပြုတ်သွားတာ ဖယ်ရှားခံလိုက်ရတာပါ” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။
ဗိုလ်ချုပ်စိုးတင့်နိုင်သည် ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူး အဖြစ် ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၉ ခုနှစ်၊ မေလအထိ လည်းကောင်း၊ ၂၀၁၉ ခုနှစ် မေလမှ ၂၀၂၀ ပြည့်နှစ် မတ်လအထိ အနောက် မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် လည်း ကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၅ ရက်နေ့တွင် ပြည်ထဲ ရေး ဒုဝန်ကြီးအဖြစ် မင်းအောင်လှိုင်က အဆိုပြုခန့်အပ်ခဲ့ခြင်းဖြစ်သည်။
