မိုးကုတ် ဝိပသနာ၊ အောင်မြေတံခွန်ကျောင်းထိုင် ဆရာတော်ကို PDF ထောက်ပို့ဟု စွပ်စွဲကာ စစ်တပ်က သေနတ်ပစ် ဖမ်းဆီး၊ အလှူငွေ သိန်း ၅၀၊ ဖုန်းနှင့်ဘုန်းကြီးကျောင်း ကားများကိုပါ စစ်တပ်က လုယူသွား
ရန်ကုန်၊ မတ် ၁၄
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန် မြို့နယ်၊ အောင်မြေတံခွန်ကျောင်းတိုက်၊ မိုးကုတ်ဝိပဿနာ တရားပြ ၊ ကျောင်းထိုင်ဆရာတော် ဦးစက္ကန (ဝေါဆရာတော်) ကို PDF ထောက်ပို့ပြုလုပ်သည်ဟု အကြောင်းပြစွပ်စွဲကာ စစ်တပ်က သေနတ်ပစ်ဖောက် ဖမ်းဆီးသွားကြောင်း သိရှိရသည်။
မတ် ၁၂ ရက်နေ့ ည ၇ နာရီအချိန် စစ်တပ် က စစ်ကား ၅ စီးဖြင့် အရပ်ဝတ်လက်နက်ကိုင်များက ဆရာတော်ကို လူဝတ်လဲ၍ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
ထို့ပြင် စာဖြေသံဃာများ ဂုဏ်ပြုပွဲကျင်းပရန် အလှူငွေ သိန်း ၅၀ ကျပ်နှင့် ဖုန်းများ၊ ကား ၂ စီးကို သိမ်းဆည်း၍ ဘုန်းကြီးကျောင်းကား မောင်းသည့် ယာဉ် မောင်းသူကိုလည်း နန်းတွင်းစစ်ကြောရေးသို့ခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောကြားသည်။
ဆရာတော်ကို ဖမ်းဆီးချိန်တွင် စစ်တပ်က သေနတ်များ ပစ်ဖောက်၍ “မဆိုင်သူ မကပ်နဲ့” အော်ကာ ကျောင်းတိုက်အတွင်း ဝင်ရောက် ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း၊ ဖမ်းဆီးခံရသော ကျောင်းထိုင် ဆရာတော် ဦးစက္ကန (ဝေါဆရာတော်) မှာ ပရဟိတဆရာတော်အဖြစ်လူသိများသည့် ဆရာတော် တစ်ပါးဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။