ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆
ရန်ကုန် မရမ်းကုန်းမြို့နယ် ၃ရက်ကွက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ် မှောက် ဆန္ဒပြနေသည့် လူငယ် အဖွဲ့ကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ဝင်ရောက် စီးနင်း ပစ်ခတ် ဖမ်းဆီးခဲ့ပြီး လူငယ် ၁ဦးသေဆုံးကာ ၂ဦးကျည်ထိမှန်ခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ဒလန် သတင်းပေးမှုဖြင့် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကာ လမ်းသွား လမ်းလာ လူငယ် ၄ ဦးကိုလည်း အကြောင်းမဲ့ ဖမ်းဆီးခဲ့ကြောာင်း သိရသည်။
ထို့ပြင် ရန်ကင်းမြိုနယ် ၁၃ ရပ်ကွက်၊ မိုးကောင်းလမ်းတွင်လည်း ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၉နာရီ ၃ဝမိနစ်ခန့်က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ နေသည့် လူငယ်များကို အကြမ်းဖက် စစ်ကောင်စီ လုံခြုံရေး လှည့်ကင်းက ဝင်ရောက် ဖမ်းဆီးခဲ့ပြီး လူငယ် ၁ဦး ဖမ်းခံရကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
အလားတူ မကွေးတိုင်း ချောက်မြို့နယ်တွင် ရွှေပုံတောင် စိမ်းလန်းစိုပြေရေး နယ်မြေ၌ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေ ၅နာရီခန့်တွင် အသက် ၁၅နှစ် အရွယ် လူငယ် ၂ဝကျော်ကို ဖမ်းဆီးကာ စစ်ကြောရေး၌ အမျိုးသား လိင်အင်္ဂါကို ဆေးလိပ်မီးဖြင့် ထိုးပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ပြုလုပ်ကာ စစ်ဆေးနေပြီး အသက်အန္တရယ် စိုးရိမ် နေရကြောင်း မကွေးလူထုတိုက်ပွဲကော်မတီ အဖွဲ့ထံမှ သိရသည်။
အဆိုပါ အသက် ၁၅နှစ်အရွယ် လူငယ်များသည် စစ်အာဏာရှင် ဆန့်ကျင်ရေး Sticker ကမ်ပိန်း ပြုလုပ်ခြင်းကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ကမ်ပိန်းပြုလုပ်နေသည့် လူငယ် ၆ဦးခန့်ကို ဖမ်း ဆီးပြီးနောက် သူငယ်ချင်း ဖြစ်သူများကိုပါ ဆက်လက် ဖမ်းဆီးခဲ့ကာ အမျိုး သမီး ၅ဦးလည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ဖမ်းဆီးထားသော လူငယ် ၂ဝကို စစ်ကြောရေးတွင် အမျိုးသား လိင်အင်္ဂါကို ဆေးလိပ်မီးဖြင့် ထိုး၍ အကြမ်းဖက် စစ်ဆေးခြင်း အပါအဝင် လူမဆန်သော ယုတ်မာရက်စက်သည့် စစ်ကြော နည်းမျိုးစုံဖြင့် စစ်ဆေးနေကာ အသက်အန္တရာယ် ထိခိုက်နစ်နာမှုများ ရှိလာ မည်ကို အလွန် စိုးရိမ်ရသည့် အခြေအနေဖြစ်ကြောင်း မကွေး လူထု တိုက်ပွဲကော်မတီ အဖွဲ့က ထုတ်ပြန်ထားသည်။
” ကလေးတွေက ၂၁ရက်နေ့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး Sticker ကမ်ပိန်းပြုလုပ်ကျတယ်။ အဲ့ဒီအချိန် နေ့ဘက်မှာပဲ အကုန်လုံးကိုဝင်ဖမ်းတယ်။ တချို့ မိသားစုဝင်တွေဆိုရင် အိမ်တိုင်းရာရောက် စစ်တပ်က လာပြီး မိဘတွေ ကို ရိုက်နှက်သွားတာတွေ တောင်ရှိတယ်။ ဖမ်းခံရတဲ့ ကလေးတွေက အသက် မပြည့် သေးတဲ့ ကလေးတွေပဲ ၈တန်း၊ ၉တန်း အရွယ် ကျောင်းသားတွေ စုံစမ်း သိရတဲ့ သတင်းအရ စစ်ကြောရေးမှာ ရက်စက် ကြမ်းကြုတ်တဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုတွေ လုပ်နေကျတယ်တဲ့ ကလေးတွေ အသက် အန္တရာယ် အလွန်စိုးရိမ်ရတယ်။ ဖမ်းခံရတာ ၅ရက်တောင် ရှိပြီး အခုချိန်ထိ ကလေးတွေနဲ့ ဘာအဆက်အသွယ်မှ မရဘူး” ဟု ဒေသခံ ပြည်သူ များက ပြောဆိုသည်။
ထိုသို့ အသက်မပြည့်သေးသည့် ကလေးငယ်များကို အဓမ္မဖမ်းဆီးပြီး လူမဆန် စွာ အကြမ်းဖက် နှိပ်စက်နေမှုများသည် ကလေးသူငယ်အခွင့်အရေး၊ လူ့အခွင့် အရေးများကို အကြမ်းဖက် စစ်အုပ်စုက ထပ်မံ၍ ပြောင်ပြောင်တင်းတင်း ချိုး ဖောက်ခဲ့ခြင်း ဖြစ်ပြီး အဖမ်းဆီးခံရပြီးနောက်ပိုင်း အဖြစ်အပျက်အားလုံးကို အကြမ်းဖက်စစ်အုပ်စုအနေဖြင့် တာဝန်ယူ/တာဝန်ခံ ရမည်ဖြစ်ကြောင်း မကွေး လူထုတိုက်ပွဲကော်မတီ အဖွဲ့က ကြေညာထားသည်။
ဓာတ်ပုံ- ယမန်နေ့ ရန်ကင်းတွင် ဖမ်းဆီးခံရသော ဆန္ဒပြလူငယ်တစ်ဦး။