ထိုင်းနိုင်ငံတွင် မြန်မာလုပ်သားများ လိုက်ပါလာသည့်ကား ကုန်ကားကို ဝင်တိုက်မှု အနည်းဆုံး ၄ ဦးသေ ဆုံး
ရန်ကုန်| ဧပြီ ၈
ထိုင်းတွင် ဘတ်ဟုခေါ်သည့် နေထိုင်အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းသွားတိုးသော မြန်မာနှင့် ကမ္ဘောဒီးယားအလုပ်သမားများလိုက်ပါသော ဗန်ကားသည် ကုန်ကားကို ဝင်တိုက်မိသဖြင့် အနည်းဆုံး လူလေးဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
ယနေ့ ဧပြီလ ၈ရက် နံနက် ၅နာရီခွဲက ဘတ်သက်တမ်းတိုးရန် ဘန်ကောက်မှ ကျန်ထဘူရီခရိုင်သို့ သွားရောက်ရစဉ် ချွန်ဘူရီခရိုင် အမြန်လမ်းပေါ်တွင် ကားတိုက်မှုဖြစ်ခြင်းဖြစ်သည်ဟု ဆိုသည်။
ဗန်ကားသည် ၁၈ ဘီးတပ်ကုန်တင်ကားကို အနောက်မှ ဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး ဗန်ကားမောင်းသူက အိပ်ပျော်သွားခဲ့ခြင်းဖြစ်နိုင်ကြောင်း ကုန်တင်ကားမောင်းသမား၏ ဖြေကြားချက်ကို သတင်းများတွင် ဖော်ပြထားသည်။
ကားပေါ်တွင် မြန်မာအလုပ်သမားများနှင့် ကမ္ဘောဒီးယားအလုပ်သမား စုစုပေါင်း ၁၂ ဦးလိုက်ပါလာခဲ့ကြောင်း ရေးသသားထားသည်။
ကားတိုက်မှုကြောင့် ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦး၊ ကားမောင်းသူ အပါအဝင် အနည်းဆုံး လေးဦး သေဆုံးခဲ့သည်ဟုဆိုသည်။
သေဆုံးသူများထဲတွင် မြန်မာအလုပ်သမား ပါဝင်ခြင်းရှိမရှိကိုမူ သတင်းများတွင် ဖော်ပြထားခဲ့ခြင်း မရှိသဖြင့် မသိရသေးပေ။
နောက်ထပ် ကိုးဦးမှာလည်း ဒဏ်ရာများရရှိခဲ့ပြီး ၎င်းတို့အနက် ငါးဦးမှာ အပြင်းအထန်ဒဏ်ရာများဖြင့် စိုးရိမ်ရသည့် အခြေအနေရှိနေကြောင်း ဖော်ပြထားသည်။
ဒဏ်ရာရရှိသူများကို အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက ရှေးဦးပြုစုခဲ့ပြီးနောက် ချွန်ဘူရီဆေးရုံသို့ ပို့ဆောင်ထားခဲ့ကြောင်း ရေးသားထားသည်။
ကားတိုက်မှုကို ရဲတပ်ဖွဲ့က စုံစမ်းနေဆဲဖြစ်ပြီး ဒဏ်ရာရသူအခြေအနေများကိုလည်း စောင့်ကြည့် ကူညီသွားမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။
Ref: Khaosod Online, Thairath Online, News Workpoint 23