မင်းတုန်းမြို့နယ်၊ကျောက်တိုင်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက် မှု စစ်သား၊ ရဲ ၂ ဦးသေဆုံး
ရန်ကုန်၊ ဧပြီ ၁၀
မကွေးတိုင်း၊သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ကျောက်တိုင်နယ် မြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲ ၂ ဦးသေ ဆုံးခဲ့ကြောင်း သရက်ခရိုင်တပ်ရင်း ၄ (Eagle Force)တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်ကရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဧပြီလ ၁၀ ရက် နံနက် ၄ နာရီခွဲခန့်က အကြမ်းဖက်စစ် သား၊ ရဲ အင်အား ၁၅ ဦး ခန့်သာရှိသော ကျောက်တိုင်ကျေးရွာရှိ နယ်မြေရဲစခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့်အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး အသက် ၃၁ နှစ်အရွယ် ရဲတပ်သား ဇင်ဘိုကို အပါအဝင် ၂ ဦးသေဆုံးပြီး ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရ စစ်သား၊ ရဲများကို မကွေးမြို့ဆေးရုံကြီးသို့ သယ်ဆောင်သွားကြောင်း သိရသည်။
“အဲမှာက စခန်းအဟောင်းလည်းရှိတယ်၊ အဲဒီစခန်းအဟောင်းကချောင်ထဲမှာ၊ လက်ရှိစခန်းက ရှေ့ကိုထုတ်ထားတဲ့စခန်းပေါ့၊ လက်ရှိစခန်းထဲမှာပဲ အကုန်လုံးက စုနေကြတော့တာ၊ အင်အားက ၁၅ ဦး လောက်ပဲရှိတာ၊ လက်နက်ကြီးနဲ့ တစ်ချက်တော့ပြန်ပစ်တာရှိတယ်၊ပြည်သူတွေထိခိုက်တာမရှိပါဘူး၊ကျနော်တို့ပြန်ဆုတ်လာပြီး ဒီနေ့ နေလည်လောက်ကျမှ ကျောက်တိုင်ကျေး ရွာပတ်ဝန်းကျင်ကို ရမ်းသမ်း ပစ်ခတ်ပြီး ရဲစခန်းအနီးအနားကအိမ်တွေကို တစ်အိမ်တက်ဆင်းရှာဖွေနေတာတွေ လုပ်သွားတယ်” ဟု Eagle Force မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကိုမြတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
အဆိုပါတိုက်ခိုက်မှုကို NUG ၊ကာကွယ်ရေးဝန်ကြီးဌာနအမှတ် ၁ စစ်ဒေသ၊ သရက်ခရိုင် တပ်ရင်း – ၄ (Eagle Force)နှင့် ကျောင်းသားလက်ရုံးတပ်တော်(S.A.F)၊ လွတ်မြောက်ရေးတပ်တော် (W.O.L.F)တို့ ပူးပေါင်းကာဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျည်မလုံလောက်သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ တိုက်ပွဲဖြစ်နေစဉ်အတွင်း အနီးသို့ရောက်ရှိလာသည့် ခရီးသွားပြည်သူ့ကားတစ်စီးအား အော်ဟစ်ဆူပူ ဟန့်တားခဲ့ရသည့်အပေါ် အနူးအညွတ်တောင်းပန်ပါကြောင်းEagle Force က ထုတ်ပြန်ထားသည်။