26 C
Yangon

ရန်ကုန်သင်္ကြန်အကြိုနေ့ နံနက်ပိုင်း ရေပက်ခံနှင့် ရေကစား သူမရှိဘဲ ပြည်သူအများစု တိတ်ဆိတ် စွာ နေထိုင်ကြ

Must read

ရန်ကုန်သင်္ကြန်အကြိုနေ့ နံနက်ပိုင်း ရေပက်ခံနှင့် ရေကစား သူမရှိဘဲ ပြည်သူအများစု တိတ်ဆိတ် စွာ နေထိုင်ကြ

ရန်ကုန်၊ ဧပြီ ၁၃

ရန်ကုန်မြို့တော်ရဲ့ မဟာသင်္ကြန်အကြိုနေ့ နံနက်ပိုင်း နံနက် ၁၀ နာရီကျော်အချိန်အထိ ရေပက်ခံ မယ့်သူ၊ ရေကစားသူ မရှိဘဲ မြို့နယ်အများစုမှာ ခြောက်ကပ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဧပြီလ ၁၁ ရက်နေ့ အကြမ်းဖက်စစ်ကောင်စီက ပြည်သူ ၁၅၀ ကျော်သေဆုံးစေခဲ့တဲ့ ကန့်ဘလူ လေကြောင်းတိုက်ခိုက်မှုဖြစ်ပေါ်ချိန်မှာ တချို့သော ပြည်သူတွေက ရေကစားကြမယ့် အစီ အစဉ်တွေကို ပယ်ဖျက်လိုက်ကြတယ်လို့ မရမ်းကုန်းမြို့နယ်မှ လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

ရန်ကုန်ခေတ်သစ်ရဲ့ စုံစမ်းချက်အရတော့ မရမ်းကုန်းမြို့နယ်၊ စမ်းချောင်း၊ ဗဟန်း၊ တာမွေ၊ လှိုင်၊ အင်းစိန်၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာပ၊ လမ်းမတော် အပါအဝင် မြို့နယ်အများစုမှာ ရေပက် ခံထွက်သူမရှိသလို ရေပက်တဲ့သူလည်းမရှိပါဘူး။ ရေကစား မဏ္ဍပ်တချို့မှာတော့‌ ရေဖွင့်ထားပြီး လမ်းပေါ်ကို ရေတွေ သွန်ချနေရပါတယ်။

ရန်ကုန်တိုင်းစစ်ကောင်စီက ဦးစီးကျင်းပတဲ့ ပြည်သူ့ရင်ပြင် Royal Apex သင်္ကြန်မဏ္ဍပ်ကိုတော့ ဒီနေ့ နံနက် ၇ နာရီ ၃၀ မိနစ်မှာ ဖွင့်လှစ်ခဲ့ပေမယ့်လည်း လူမရှိဘူးလို့ သိရပါတယ်။ သက်ဆိုင်ရာ ဌာနတွေက စီစဉ်ထားတဲ့ ရေပက်ခံကားတချို့ကို မဖြစ်မနေ လာရောက်ဖို့ အမိန့်ထားလို့ လာရောက် မှုရှိပြီး ပြည်သူတွေကတော့ ကိုယ်နဲ့မဆိုင်သလို လာလည်ကြတာလည်းမရှိဘူးလို့ သိရပါတယ်။

စစ်ကောင်စီကတော့ ဌာနဆိုင်ရာ ရေပက်ခံကားတွေကို တစ်ဌာနလျှင် တစ်စီးနှုန်းနဲ့ ရေပက်ခံ မဏ္ဍပ်တွေရှေ့မှာ အနည်းဆုံး ၃ ပတ် လှည့်လည် ပေးကြဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် သင်္ကြန်အကြိုနေ့ ရန်ကုန်မှာ မြို့နယ်အတော်များများမှာ မီးပျက်နေပြီး ပြည်သူတွေကတော့ ပူပူလောင်လောင်မှာ ဖြတ်သန်းနေကြရပါတယ်။

“ဒီလောက်ကြီး ကိုယ့်ပြည်သူတွေကို စစ်တပ်က သတ်ဖြတ်ပြီး အတင်းပျော်ခိုင်းတဲ့ သင်္ကြန်ကို ဘယ်လိုလူက ဘယ်လို စိတ်နဲ့ ပျော်မှာလဲ။ ကိုယ့်သားအရွယ် သမီးအရွယ်လေးတွေ သေသွားကြတာ ဘယ်လိုမှ မဖြေဆည်နိုင်ဘူး” လို့ မရမ်းကုန်းမြို့နယ် လုပ်ငန်းရှင်က ဆိုပါတယ်။

စစ်ကောင်စီကတော့ သူတို့ သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲတွေကို ဌာနဆိုင်ရာ လူတွေနဲ့ ဖွင့်လှစ်ပြီး စည်ကားနေသယောင် တယ်လီဂရမ်နဲ့ မီဒီယာပလက်ပေါင်းစုံကနေ ဝါဒဖြန့်နေပါတယ်။

ရန်ကုန်သင်္ကြန်အကြိုနေ့ နံနက်ပိုင်းမှာတော့ ပြည်သူတွေက အပြင်မထွက်ဘဲ စစ်ကောင်စီရဲ့ သင်္ကြန်ကို မပါဝင်ဘဲ စစ်အာဏာရှင် သတ်လို့ သေဆုံးခဲ့ကြရတဲ့ ပြည်သူတွေအတွက် တိတ်တိတ်လေး ဝမ်းနည်းပေးနေကြပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article