32 C
Yangon

နွေဦးတော်လှန်ရေးကို ပုံဖျက်ရန် ကြိုးပမ်းနေသည့် စစ်ကောင်စီ၏ စိတ်ဓာတ်စစ်ဆင်ရေးလုပ်နည်း လုပ်ဟန်များ

Must read

နွေဦးတော်လှန်ရေးကို ပုံဖျက်ရန် ကြိုးပမ်းနေသည့် စစ်ကောင်စီ၏ စိတ်ဓာတ်စစ်ဆင်ရေးလုပ်နည်း လုပ်ဟန်များ

By ကိုဘမောင်

ကျနော်တို့ နိုင်ငံဟာ နှစ်ပေါင်းများစွာကြာအောင် စစ်အာဏာရှင်တွေက အာဏာသိမ်းပိုက်အုပ်ချုပ်ထားတဲ့ တိုင်းပြည်ဖြစ်ပါတယ်။အရပ်ဘက်အုပ်ချုပ်ရေးဟာ အင်အားချိနဲ့နေပြီး စစ်ဘက်ကသာ နေရာအနှံ့ လွှမ်းမိုးချုပ်ကိုင်ခြင်းခံထားရတဲ့ အနေအထားရှိပါတယ်။ပိုပြီး မြင်သာအောင်ပြောရရင် အုပ်ချုပ်ရေး၊တရားစီရင်ရေး၊ဥပဒေပြုရေးမှာ စစ်ဝါဒကြီးစိုးပြီး နိုင်ငံသားတွေရဲ့ အထက်မှာ စစ်တပ်ရှိရမယ်ဆိုတဲ့ အယူအဆကို ဘက်ပေါင်းစုံက စိုက်ထူထားတာကို မြင်တွေ့နေရပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ အာဏာသိမ်းပွဲအပြီးမှာ နိုင်ငံသူ နိုင်ငံသားတွေကြားမှာ သဘောထားနဲ့ ထင်မြင်ယူဆချက် အပြောင်းအလဲတွေ အများအပြားဖြစ်ပေါ်လာခဲ့ပါတော့တယ်။ယခင်က နိုင်ငံရေးအရ ပါလီမန်စနစ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဆိုတဲ့ ပုံရိပ်တွေကို ကြားခံထားပြီး စစ်အာဏာရှင်တွေ ကြီးစိုးခဲ့ကြပါတယ်။

အခုအခြေအနေမှာ ပါလီမန်ကိုဖျက်သိမ်းပြီး နိုင်ငံရေးပါတီအတော်များများကိုလည်း ဆက်လက်ဖျက်သိမ်းလိုက်တဲ့အတွက် စစ်အုပ်စုနဲ့ ပြည်သူကြားက တိုက်ရိုက်ပဋိပက္ခဟာ အပြင်းထန်ဆုံးအဆင့်ကို ရောက်ရှိလို့လာခဲ့ပါတယ်။

စစ်အုပ်စုနဲ့ ပြည်သူကြားက ပဋိပက္ခဟာ လက်နက်ကိုင်တိုက်တဲ့ စစ်အဖြစ် ပေါက်ကွဲပြင်းထန်လာခဲ့ပါပြီ။စစ်ရေးတိုက်ပွဲနဲ့ လက်နက်ကိုင်ပဋိပက္ခ အမြင့်ဆုံးကာလကို ရောက်ရှိနေချိန်မှာ စစ်အုပ်စုအနေနဲ့ ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးကို နည်းလမ်းပေါင်းစုံနဲ့ ဖြိုဖျက်ပစ်ဖို့ ကြိုးပမ်းအားထုတ်မှုတွေရှိနေပါတယ်။ဒီလိုကြိုးပမ်းအားထုတ်မှုတရပ်အနေနဲ့ စိတ်ဓာတ်စစ်ဆင်ရေး( Psychological Warfare)ကို လုပ်လာတာကို တွေ့ရပါတယ်။

ဘာသာရေး၊လူမျိုးရေးနှင့်နှီးနွယ်သော စိတ်ဓာတ်စစ်ဆင်ရေးလုပ်ဟန်များ

——————————————————————

တော်လှန်ရေးအင်အားစုများကို ပြည်သူလူထု ထောက်ခံမှု လျော့ကျအောင် ရည်ရွယ်ချက်ဖြင့် ဘာသာရေး၊လူမျိုးရေးခွဲခြားပုံဖော်တိုက်ခိုက်မှုများ ပြုလုပ်လာပါတယ်။

ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နမ်းနိမ်ကျေးရွာ အစုလိုက်အပြုံလိုက် လူသတ်မှုမှာ ရဟန်း(၃)ပါး အပါအဝင် လူပေါင်း (၃၀)ကျော် သေဆုံးခဲ့ရပါတယ်။အဆိုပါလူသတ်မှုကို အမှန်တကယ်ကျုးလွန်ခဲ့တာ စစ်ကောင်စီတပ်တွေသာဖြစ်ပေမယ့် KNDF (ကရင်နီအမျိုးသားကာကွယ်ရေးတပ်)တွေကို အပြစ်ပုံချခဲ့တယ်။

အပြစ်တင်ပြောဆိုပုံကလည်း ကရင်နီတွေ၊ ကယားလူမျိုးတွေဟာ ခရစ်ယာန်ဘာသာကိုးကွယ်သူတွေဖြစ်တာကြောင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေကို သတ်ဖြတ်ပစ်ခဲ့တယ်လို့ ပုံဖျက်တိုက်ခိုက်တာဖြစ်ပါတယ်။သေဆုံးသူ ဘုန်းတော်ကြီးနဲ့ အရပ်သားတွေဟာ ပအို့ဝ်လူမျိုးတွေဖြစ်လို့ ကရင်နီတွေက သတ်ဖြတ်ပစ်ခဲ့တာဆိုပြီး လူမျိုးရေးအမုန်းတရားဆီ ဦးတည်သွားအောင်လည်း သွေးထိုးလှုံ့ဆော်ခဲ့ပါတယ်။

ဘုန်းကြီးနဲ့ အရပ်သားတွေ သေဆုံးမှုဟာ စစ်ကောင်စီတပ်တွေရဲ့ လက်ချက်ဆိုတာ သိသာထင်ရှားစေတဲ့ အချက် အလက်တွေရှိနေပါတယ်။စစ်ကောင်စီလော်ဘီများက KNDF ကို စွပ်စွဲတိုက်ခိုက်မှုများ မပြုလုပ်ခင်ကတည်းက အာဏာသိမ်းစစ်တပ်မှနေပြီး နန်းနိမ်ရွာကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့တာကို မတ်လ ၁၁ရက်နေ့ထုတ် သတင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

စစ်တပ်ရဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် သာသနိကအဆောက်အအုံတွေနဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးသွားတယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။မရှေးမနှောင်းကာလမှာပဲ တပ်ဝါဒဖြန့်ချန်နယ်တွေမှာ စစ်တပ်က KNDF နဲ့ PDF တွေကို သတ်ဖြတ်နိုင်ခဲ့ကြောင်း၊ မကြာမီ ပုံတွေတင်ပြနိုင်မှာဖြစ်ကြောင်း ရေးသားချက်တွေကိုလည်း တွေ့ရှိရပါတယ်။ဒါကြောင့် နန်းနိမ်ရွာ လူသတ်မှုဟာ အဓိကလက်သည်တရားခံ စစ်ကောင်စီတပ်တွေပဲဖြစ်ကြောင်း သိသာထင်ရှားနေပါတယ်။

စစ်အုပ်စုက သတ်ဖြတ်ပြီး KNDF နဲ့ PDF တွေကို တရားခံရှာတာဟာ စစ်ရေးအမြင်အရ အသာစီးရယူဖို့အတွက်ဖြစ်သလို ဒေသခံပအို့ဝ်ပြည်သူလူထုရဲ့ ဆန့်ကျင်မှုကို ရှောင်လွှဲနိုင်ဖို့လည်းဖြစ်တယ်။ဒီလိုလုပ်ဖို့အတွက် ဘာသာရေးနဲ့ လူမျိုးရေးကို ခုတုံးလုပ်ပြီး ပအို့ဝ်နဲ့ ကရင်နီကြားမှာ သွေးကွဲအောင် တိုက်ခိုက်တာ၊ ရန်တိုက်တာကတော့ KNDFနဲ့ PDF အပေါ် စိတ်ဓာတ်စစ်ဆင်ရေးဆင်နွှဲတာသာ ဖြစ်ပါတယ်။

စိတ်ဓာတ်စစ်ဆင်ရေးကို သတင်းတု၊ သတင်းမှားပုံစံနဲ့ လုပ်ဆောင်နေတာကိုလည်း တွေ့ရပါတယ်။ အသတ်ခံရတဲ့ အရပ်သားတွေရဲ့ အလောင်းပေါ်မှာ လက်လုပ်သေနတ်တွေ တင်ပြီး KNDF နဲ့ PDF တွေကို စနိုက်ပါနဲ့ ပစ်ခတ်နိုင်ခဲ့တယ်လို့ စစ်လော်ဘီအကောင့်တွေကတင်တာမျိုးတွေကို တွေ့ရပါတယ်။

Ko Thet channel အပါအဝင် Snow Queen ၊ မှိုင်းဝေ၊ Thit Lwin နဲ့ နွေဦးတော်လှန်ရေး သချိုင်းကုန်းစတဲ့ စစ်လော်ဘီချန်နယ်တွေက သတင်းတု သတင်းမှားတွေ တရစပ်တင်ပြီး တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်ခဲ့တာကို တွေ့မြင်ရပါတယ်။

စစ်အုပ်စုလက်ကိုင်တုတ် PNO ကိုအသုံးချပြီး ပအို့ဝ်ပြည်သူလူထုကြားမှာ KNDF၊ PDF တွေကို ကန့်ကွက်ရှုတ်ချပွဲပြုလုပ်ဖို့ တအိမ်တယောက် မလိုက်မနေရ လူစုကြောင်း၊ မလိုက်ပါက တအိမ်ထောင် ငွေ ၅၀၀၀ ပေးရန် ခြိမ်းခြောက်ကြောင်းကိုလည်း မီဒီယာများကတဆင့် သိရပါတယ်။စစ်အုပ်စုရဲ့ စိတ်ဓာတ်စစ်ဆင်ရေးဟာ အွန်လိုင်းပေါ်မှာသာမက ပြင်ပမှာပါ လှုပ်ရှားမှုအသွင်အထိ ရောက်ရှိလာတာကို တွေ့ရပါတယ်။

တော်လှန်ရေးအင်အားစုများကို ထောက်ခံသော ပြည်သူများအပေါ် စိတ်ဓာတ်စစ်ဆင်ရေးလုပ်ဟန်များ

———————————————————————-

နွေဦးတော်လှန်ရေးမှာ လက်နက်ကိုင်တော်လှန်နေတဲ့ အင်အားစုတွေကို ထောက်ခံပံ့ပိုးနေတဲ့ ရန်ပုံငွေရှာဖွေပေးသူတွေရှိသလို ရန်ပုံငွေ အမြဲမပြတ်လှုဒါန်းနေတဲ့ အလှုရှင်တွေလည်းရှိပါတယ်။

ရန်ပုံငွေရှာဖွေပေးသူတွေကို စောင့်ကြည့်ပြီး သူတို့ရဲ့ လုပ်ရပ်တွေကို စစ်လော်ဘီအကောင့်တွေက ဝေဖန်တိုက်ခိုက်တာတွေရှိပါတယ်။ဒီလို ဝေဖန်တိုက်ခိုက်မှုဟာ တော်လှန်ရေးအင်အားစုတွေဆီ ရန်ပုံငွေမစီးဆင်းအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာလို့ ယူဆနိုင်ပါတယ်။

ရန်ပုံငွေလှုဒါန်းသူတွေကို ဖော်ထုတ်ပြီး ဖမ်းဆီးအရေးယူဖို့၊ အိမ်နဲ့ဆိုင်တွေကို ချိတ်ပိတ်ဖို့၊ ပိုင်ဆိုင်မှုပစ္စည်းတွေနဲ့ ငွေကြေးတွေကို သိမ်းပိုက်ဖို့ စစ်ဝါဒဖြန့် ချန်နယ်တွေကနေ လှုံ့ဆော်နေတာကိုလည်း တွေ့မြင်နေရပါတယ်။

၂၀၂၃ မတ်လအတွင်းမှာ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားရောက် ပန်ဆယ်လိုရဲ့ ဆိုင်ဖွင့်ပွဲကို အကြောင်းပြုပြီး စစ်လော်ဘီတွေက ဇလုံကြီး ဟင်းအနှစ်ထုပ် ရောင်းဝယ်ရေးလုပ်ငန်းအပါအဝင် လုပ်ငန်းရှင်အတော်များများကို ဖမ်းဆီးအရေးယူဖို့ လှုံ့ဆော်လာကြတာကို တွေ့ရပါတယ်။

ပန်ဆယ်လိုရဲ့ ဆိုင်မှာတင်ထားသမျှ မြန်မာစားသောက်ကုန်တံဆိပ်အမည်တွေကို စစ်လော်ဘီချန်နယ်တွေမှာတင်ပြီး ဖမ်းဆီးအရေးယူဖို့ တိုက်တွန်းမှုတွေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ဒီလုပ်ရပ်ရဲ့နောက်ကွယ်က စိတ်ဓာတ်စစ်ဆင် ရေးအကွက်ကတော့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ တော်လှန်ရေးအင်အား စုကို မဝန်းရံ မထောက်ခံရဲအောင် လုပ်ဆောင်တာဖြစ်ပါတယ်။

ယခင်ကလည်း မြင့်မြင့်ခင်ထိုးမုန့်နဲ့ မြောင်းမြဒေါ်ချို မုန့်ဟင်းခါးကို ခုလို ဖမ်းဆီးအရေးယူခြင်းဖြင့် တော်လှန် ရေးသမားတွေနဲ့ အကြီးစား အလတ်စား စီးပွားရေးသမားတွေကြား အဆက်အသွယ်ဖြတ်တောက်ပစ်ဖို့ ကြိုးစားခဲ့တာကို သတိထားမိပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေ ဖမ်းဆီးခံရတာအပြင် အိမ်စီးကားနဲ့ လက်နက်ခဲယမ်းသယ်ဆောင်လာတဲ့ လူတွေ ဖမ်းဆီးခံရတာ၊ လက်နက်တွေ သိမ်းဆည်းခံရတာဟာ ပန်ဆယ်လိုကြောင့်လို့ ပုံဖော်ပြီး နှစ်ဘက်အပြန်အလှန် ရေးသားတိုက်ခိုက်တဲ့ စိတ်ဓာတ်စစ်ဆင်ရေးလုပ်ဟန်တွေကိုလည်း တွေ့ရှိရပါတယ်။

အစ္စလာမ်ဘာသာဝင်များကို ပစ်မှတ်ထားသော စိတ်ဓာတ်စစ်ဆင်ရေးလုပ်ဟန်များ

——————————————————————–

စစ်အုပ်စုဟာ အစ္စလာမ်ဘာသာကိုးကွယ်သူတို့ရဲ့ ဝတ်ပြုဆုတောင်းရာ ဘာသာရေးအဆောက်အအုံ (ဗလီ)တွေကို တစမကျန် ဖြိုချပစ်ဖို့အတွက် ရည်ရွယ်ချက်ရှိနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ပြည်သူတွေရဲ့ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ကို အလေးမထားဘဲ ဘာသာရေးအရ ခွဲခြားဆက်ဆံမှုတွေ လုပ်လို့ရသလို လုပ်ဆောင်လေ့ရှိပါတယ်။

ရန်ကုန်မြို့ အလုံမြို့နယ်က ဗလီတလုံး မီးလောင်မှုဖြစ်ပွားခဲ့တာကို အမျိုးသားရေးအစွန်းရောက်တွေဘက်က လက်လုပ်မိုင်းပေါက်ကွဲလို့ မီးလောင်ရခြင်းဖြစ်တယ်လို့ ဇာတ်လမ်းဆင်ပြီး သတင်းတု၊ သတင်းမှားနဲ့ ဝါဒဖြန့်ပါတယ်။ဗလီတွေကို အကြမ်းဖက်လုပ်ရပ်တွေ မြစ်ဖျားခံရာနေရာတွေအဖြစ် ပုံဖော်ပြီး ပြင်ဆင်တည်ဆောက်ခွင့်မပေးဖို့ တိုက်တွန်းလှုံ့ဆော်လာကြပါတယ်။

၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဗလီအသစ် တည်ဆောက်ခွင့်ကို လုံးဝမပေးဘဲ ဗလီများပြင်ဆင်ခွင့်ကိုလည်း နည်းလမ်းပေါင်းစုံဖြင့် ကန့်သတ်ခဲ့ပါတယ်။ ဒါ့အပြင် အစွန်းရောက်သူအချို့က လည်း ဗလီတွေမှန်သမျှ တရားမဝင်အဆောက်အအုံတွေအဖြစ် အတင်းအကျပ် သတ်မှတ်ခိုင်းပြီး ဖျက်စီး ဖြိုချပစ်ဖို့အထိ လှုံ့ဆော်လာတာကိုလည်း တွေ့ရပါတယ်။ အမျိုးသားရေးအစွန်းရောက်ဖြစ်သူ ဦးသုစိတ္တအမည်ခံ အကောင့်ကနေ လူစုလူဝေးနဲ့ ဘာသာရေးအဆောက်အအုံတွေကို ဖျက်ဆီးပစ်ဖို့ တိုက်တွန်းရေးသားနေတာကို မကြာခဏ တွေ့ရပါတယ်။

ဒီလုပ်ရပ်တွေကို ကြည့်ရတာ လက်ရှိဖြစ်ပွားနေတဲ့ လက်နက်ကိုင်တော်လှန်ရေးကို လမ်းကြောင်းလွဲအောင်လုပ်ဆောင်ဖို့ ရည်ရွယ်ထားတဲ့ စိတ်ဓာတ်စစ်ဆင်ရေးလုပ်ငန်းတွေ စတင်နေပြီလို့ ယူဆရပါလိမ့်မယ်။ ပြည်သူလူထုက တဖက်၊ စစ်အုပ်စုက တဖက် ဖြစ်ပွားနေတဲ့ တော်လှန်ရေးတိုက်ပွဲတွေ အရှိန်အဟုန်မြင့်မားလာတာနဲ့အမျှ ပြည်သူလူထုအချင်းချင်းကြား သွေးကွဲအောင်ဖန်တီးပြီး ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာကို ပြန်ရန်တိုက်ပေးတဲ့ လမ်းကြောင်းပေါ် တင်ပေးချင်တာ သိသိသာသာတွေ့ရပါတယ်။

လူထု စိတ်ဝမ်းကွဲအောင်လုပ်တဲ့နေရာမှာ စစ်အုပ်စုက အရည်ဝနေတဲ့အတွက် ဟိုးအရင်ကလည်း သူတို့ဘက် လှည့်လာတဲ့ မြှားဦးကို အစ္စလာမ်တွေဘက် ပြန်လှည့်ပေးနေကြဖြစ်ပါတယ်။ ဒါပေမယ့် ဒီနွေဦးတော်လှန်ရေးမှာတော့ ပြည်သူတွေဟာ အကြောင်းမဲ့ စိတ်ဝမ်းကွဲကြမယ့်ပုံ မပေါ်တော့ပါဘူး။ဒါကြောင့် အစ္စလာမ်ဘာသာဝင်ထုအပေါ် အမုန်းတရားတည်ဆောက်ဖို့ စစ်ကောင်စီအနေနဲ့ ပိုမို ခက်ခက်ခဲခဲ ကြိုးပမ်းလာရပါတော့တယ်။

နောက်ဆုံးမှာ လက်နက်တွေသိုလှောင်ထားတယ်ဆိုတဲ့ သံသယနဲ့ ဗလီတွေကို ဝင်ရောက်စီးနင်းပစ်ရမယ်ဆိုပြီး နှပ်ကြောင်းပေးတဲ့ ဇာတ်ကြောင်းမျိုးကို ထုတ်ဖော်ရေးသားလာတာကို တွေ့ရပါတယ်။နာဇီဖက်ဆစ်တွေရဲ့ လုပ်ဟန်အတိုင်း လူထုကို လူနည်းစုဘာသာဝင်တွေနဲ့ အမုန်းပွားအောင် ရန်တိုက်ပေးပြီး အာဏာအပြည့်အဝသုံးစွဲကာ လူနည်းစုတွေကို ရန်ရှာတိုက်ခိုက်လာမှာကိုပဲ စိုးရိမ်ရပါတယ်။

အနှစ်ချုပ်အားဖြင့် သုံးသပ်ရမယ်ဆိုရင် ဆိုရှယ်မီဒီယာပေါ်မှာ တွေ့နေမြင်နေရတဲ့ အမုန်းစကားတွေ၊ သတင်းတု သတင်းမှားတွေဟာ မြန်မာ့လူ့အဖွဲ့အစည်းတွင်း မတည်မငြိမ်ဖြစ်အောင် ဖန်တီးနေတဲ့ လက္ခဏာချက်တွေဖြစ်ပါတယ်။ ဆရာဝန်တွေဟာဆိုရင် ဝေဒနာခံစားနေရသူတွေရဲ့ လက္ခဏာချက်တွေကို ရှုကြည့်သုံးသပ်ပြီး တကယ့်ရောဂါမှန် (တကယ့်ပြဿနာ)ကို ရှာဖွေဖော်ထုတ်လေ့ရှိကြပါတယ်။

ကျနော်တို့ လူ့အဖွဲ့အစည်းမှာ ကြုံတွေ့နေရတဲ့ လက္ခဏာချက်တွေကို ရှုကြည့်သုံးသပ်ကြည့်တဲ့အခါ စစ်အာဏာရှင်တွေ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်နေတဲ့ စိတ်ဓာတ်စစ်ဆင်ရေးကို တကယ့်ပြဿနာတွေအဖြစ် တွေ့မြင်ဆွဲထုတ်ပြသနိုင်မှာဖြစ်ပါတယ်။

လူ့အဖွဲ့အစည်းအတွင်း ဆိုးဆိုးဝါးဝါး တွယ်ကပ်နေတဲ့ လူမျိုးရေးခွဲခြားမှုတွေ၊ ဘာသာရေးခွဲခြားမှုတွေကို စိတ်ဓာတ်စစ်ဆင်ရေးလုပ်ငန်းအဖြစ် ဖန်တီးနေမှုကို ကျနော်တို့ သိမြင်အောင် ကြိုးစားအားထုတ်ပြီး တပြိုင်နက်တည်းမှာ ဆန့်ကျင်ဖယ်ရှားပစ်နိုင်မှသာ သူတို့( စစ်အုပ်စု) ဆင်ထားတဲ့ ထောင်ချောက်ထဲ မကျရောက်မှာဖြစ်တယ်လို့ တင်ပြဆွေး နွေး လိုပါတယ်။

ပထမအချက်အနေနဲ့ တိုက်တွန်းလိုတာက ကျနော်တို့ဟာ symptoms ( လက္ခဏာတွေ)ဖြစ်တဲ့ အမုန်းစကား၊ သတင်း တု သတင်းမှားတွေကို ကွဲကွဲပြားပြား သိနားလည်နေရမှာဖြစ်တယ်။

ဒုတိယအချက်အနေနဲ့ အဆိုပါလက္ခဏာတွေနဲ့တင် ရပ်တန့်မနေဘဲ သူတို့နောက်ကွယ်က ပြဿနာ ( real problem) က ဘာဆိုတာ တဆင့်တက်ပြီး နှိုက်နှိုက်ချွတ်ချွတ် သုံးသပ်ကြည့်ရမှာဖြစ်ပါတယ်။ကျနော်တို့ရဲ့ သုံးသပ်ချက်အရ တကယ့်ပြဿနာက စစ်အုပ်စုရဲ့ စိတ်ဓာတ်စစ်ဆင်ရေးလုပ်ငန်းကြီးတရပ်လုံးဖြစ်ပါတယ်။

တတိယအချက်အနေနဲ့ ပြဿနာကို သိရင် ဖြေရှင်းရမယ့် နည်းလမ်းကို ရှာဖွေရမှာဖြစ်တယ်။ စစ်အာဏာရှင်တွေရဲ့ စိတ်ဓာတ်စစ်ဆင်ရေးအောက်မှာ မျောမပါသွားအောင် သတိနဲ့ဆင်ခြင်ပြီး အများပြည်သူ သိအောင် စစ်အုပ်စုရဲ့ မဟုတ်မဟတ်လုပ်ရပ်တွေကို စဉ်ဆက်မပြတ် ဖွင့်ချတိုက်ပွဲဆင်ဖို့ လိုအပ်ပါကြောင်း တင်ပြဆွေးနွေးလိုက်ရပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article