29 C
Yangon

ယင်းမာပင်နှင့် ပုလဲ အစပ်ရှိ ကျေးရွာများကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ပြီးနောက် ဝင်ရောက်စီးနင်း၊ ပြည်သူများမှန်သမျှကို လိုက်လံပစ်ခတ်နေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၃ 

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ် အစပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၁နာရီခန့်တွင် ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီးနောက် စစ်တပ်က ရဟတ်ယာဉ်များဖြင့် လူချကာ ကျေးရွာများကို စီးနင်းပြီး တွေ့သမျှ လိုက်လံ ပစ်ခတ်နေကြောင်း ဒေသခံပြည်သူများက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြော ဆိုသည်။ 

” ရိုးရိုးရဟက်ယာဉ်က တစ်စီး‌ Mi35က တစ်စီး နဲ့ ဗုံးကျဲတယ်။ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်လာတယ်လို့ သိရတယ် ရိုးရိုး ရဟက်ယာဉ်က ခွေးတွေ ချပေးတယ်။ Mi35က အပေါ်ကနေ ပစ်တယ်လို့ ပြောတယ်။ တော်တော်လေးကို ပစ်တာလို့ ပြောတယ်။ ရဟက်ယာဉ်နဲ့ စစ်သားတွေ ချတယ် စစ်ခွေးတွေ မြေပေါ်ရောက်တာနဲ့ ရွာထဲကို ဝင်ပြီး တရစပ်တန်းပစ်တော့တာပဲလို့ ပြောတယ်” ဟု ယင်းမာပင်မြို့နယ် သတင်းမှန် ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ 

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ် အစပ်ရှိ ကျေးရွာများကို ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ပြီးနောက် သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များဖြင့် စစ်သားများ ချပေးကာ စစ်တပ်က ကျေးရွာများကို ဝင်ရောက်စီးနင်းပစ်ခတ်နေသဖြင့် ဒေသခံပြည်သူများ အားလုံး ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။  

” စစ်တပ်က ပုလဲနယ်နဲ့ယင်းမာပင်နယ်အစပ်က ကျေးရွာတွေကို ဒီကနေ့  မွန်းလွဲ ၁ နာရီကျော်လောက်မှာ ရဟတ်ယာဉ် ၂ စီးနဲ့  ညှပ်ပီး ပစ်သွားတယ်။ စစ်သားတွေလည်း ရွာတွေနားကို ရောက်နေတယ်။ သေနတ်တွေ တောက် လျှောက်ပစ်နေတယ်။ ကျေးရွာနေ ပြည်သူတွေလည်း ထွက်ပြေးနေရတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

ဓာတ်ပုံ- ၂၀၁၈ ခုနှစ်တွင် စစ်ရေးပြနေသော စစ်ကောင်စီရဟတ်ယာဉ်တစ်စီး။ 

Photo – AP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article