29 C
Yangon

လယ်/ဆည်ဝန်ကြီးဟောင်း မြင့်လှိုင်ထံမှ လက်နက်များ သိမ်းဆည်းရရှိမှု စစ်အရာရှိတချို့၊ ကြံ့ဖွတ်ပါတီခေါင်းဆောင် တချို့နှင့် ဗိုလ်ချုပ်ဟောင်းတချို့ပါ စစ်ဆေးမေးမြန်းခံရ ၊ လက်နက်တွေ ဘာအတွက်လဲဟု အဓိက စုံစမ်းစစ်ဆေး

Must read

ဖမ်းဆီးခံထားရသော မြင့်လှိုင်၊ ဒုဗိုလ်ချုပ်ကြီးညိုစောနှင့် ဒုဗိုလ်ချုပ်ကြီးဟောင်း အောင်စိုးတို့မှာ ယခင်စစ်အာဏာရှင်ဟောင်း သန်းရွှေထံသို့ အဝင် အထွက်ရှိသော အဓိက လူယုံများဖြစ်

ရန်ကုန်၊ ဧပြီ ၂၆

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖြုတ်ချရန် ကြံစည်သည်ဆိုသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံနေရသော လယ်/ဆည်ဝန်ကြီးဟောင်း မြင့်လှိုင်ထံမှ ရိုင်ဖယ်မောင်းပြန်သေနတ်၊ ပစ္စတိုသေနတ်နှင့် ကျည်ဆန်အများအပြား သိမ်းဆည်းရရှိပြီး အဆိုပါ လက်နက်များ သိမ်းဆည်းရရှိမှုအတွက် စစ်တပ်အရာရှိတချို့၊ ဗိုလ်ချုပ်ဟောင်းတချို့ပါ စစ်ဆေးမေးမြန်းခံနေရကြောင်း သိရှိရသည်။

“လက်နက်တွေနဲ့ ကျည်ဆန်တွေ ဖမ်းမိတာရှိပါတယ်။ အဲဒါက ဘာအတွက်လဲဆိုတာ အဓိက စိစစ်တယ်လို့ သိရတယ်။ ဘယ်လို အချိတ် အဆက်တွေနဲ့ လက်နက်ရယူခဲ့သလဲဆိုတာတွေလည်း လိုက်ဖော်ထုတ်နေတယ်လို့ သိရတယ်။ လက်နက်နဲ့ကျည်ဆန်တွေကိုလည်း တပ်မတော်မှာ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိတချို့ဆီကတစ်ဆင့် ဝယ်ယူ၊ ရယူ စုဆောင်းခဲ့တယ်လို့ သိရတယ်။ အဲဒီအတွက်လည်း ပါဝင်ပတ်သက်တယ်လို့ ယူဆရတဲ့ လက်ရှိ တာဝန်ထမ်းဆောင်ဆဲ စစ်အရာရှိတချို့ ခေါ်ယူမေးမြန်းခံရတာရှိတယ်။ နောက်တစ်ခါ ဗိုလ်ချုပ်မြင့်လှိုင်ရဲ့ မိတ်ဆွေ ဗိုလ်ချုပ်ဟောင်းတချို့ကိုလည်း ခေါ်ယူ မေးမြန်းတာရှိတယ်။ ဖမ်းတာမျိုးတော့မဟုတ်ဘူး” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

လက်နက်နှင့်ကျည်ဆန်များသည် လုပ်ကြံခံရမည်စိုးရိမ်၍ မိမိကိုယ်ကိုကိုယ် ခုခံကာကွယ်ရန်အတွက်ဖြစ်သည်ဟု ဗိုလ်ချုပ်ဟောင်း မြင့်လှိုင်က ထွက်ဆိုထားသော်လည်း စစ်ကောင်စီဘက်က လက်နက်များ မည်သည့်အတွက်ကြောင့် ရယူ သိမ်း ဆည်းထားသည်ဆိုသော မေးခွန်းကို အကြိမ်ကြိမ် စစ်ဆေးလျက်ရှိကြောင်း၊ လက်ရှိ ခေါ်ယူ စစ်ဆေးနေမှုများကိုလည်း သတင်းမပေါက်ကြားရန် အထူးလျှို့ဝှက် စစ်ဆေးလျက်ရှိကြောင်း၊ ခေါ်ယူမေးမြန်းခံရသည့် စစ်အရာရှိတချို့နှင့် ဗိုလ်ချုပ်ဟောင်းတချို့လည်း သတင်းပြန်လည် ပေါက်ကြားခြင်းမရှိစေရန် တာဝန်ယူပါသည်ဆိုသော ခံဝန်များ လက်မှတ်ရေး ထိုးခိုင်းထားကြောင်း သိရှိရသည်။

လယ်/ဆည်ဝန်ကြီးဟောင်း မြင့်လှိုင်ကို ဖမ်းဆီးမှု နောက် ဆက်တွဲ အဖြစ် မင်းအောင် လှိုင်၏ အကြံပေး ဒုဗိုလ်ချုပ်ကြီးညိုစော၊ ကြံ့ဖွတ်ပါတီ၏ CEC နှင့် နိုင်ငံခြားရေးရာ ကော်မတီ တာဝန်ခံ ဒုဗိုလ် ချုပ်ကြီး ဟောင်း အောင်စိုးတို့ကို စစ်ကောင်စီက ဖမ်းဆီး စစ်ဆေးလျက်ရှိရာ ယင်းစစ်ဆေးမှုများမှာလည်း မပြီးဆုံးသေးဘဲ ဆက်လက်စစ်ကြောလျက်ရှိကြောင်း၊ ၎င်းတို့၏မိသားစုဝင်တချို့ပါ အကျုယ်ချုပ်ထားရှိသည်ဟု သိရှိထားကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ကောင်စီ၏ အဂတိလိုက်စားမှု ကော်မရှင်က လယ်/ဆည်ဝန်ကြီးဟောင်း မြင့်လှိုင်၊ ဒုဗိုလ် ချုပ်ကြီး ညိုစောနှင့် ဒုဗိုလ် ချုပ်ကြီးဟောင်း အောင်စိုးတို့ကို အဂတိလိုက်စားမှုများဖြင့် အမှုဖွင့်ထားကြောင်း၊ သို့ရာတွင် လက်တွေ့ စစ်ဆေးနေမှုများမှာ အဂတိမှုမဟုတ်ဘဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖြုတ်ချရန် ကြံစည်သည့် ကွန်ရက်နှင့် လှုပ်ရှားမှုကို ဖော်ထုတ်နေခြင်းဟု သိရှိရသည်။

ဒုတိယဗိုလ်ချုပ်ကြီးညိုစောသည် မင်းအောင်လှိုင်၏ အထူးယုံကြည်ရသော အကြံပေးတစ်ဦးဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီးဟောင်း အောင်စိုးမှာလည်း မင်းအောင်လှိုင်၏ စီမံမှုဖြင့် ကြံ့ဖွတ်ပါတီသို့ ၂၀၂၂ ခုနှစ်၊ အောက် တိုဘာလကုန်တွင် အရပ်ဝတ်လဲ ပြောင်းရွှေ့ခံရသူဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း အောင်စိုးသည် စစ်တက္ကသိုလ် အပတ်စဉ် ၂၆ ကျောင်းဆင်းဖြစ်ပြီး တပ်မ ၃၃ တပ်မမှူး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ကစထမှူး တာဝန်များ ထမ်းဆောင်ခဲ့ကာ ဦးသိန်းစိန်အစိုးရနှင့် NLD အစိုးရ လက်ထက်တွင် ပြည်ထဲရေး ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီး ညိုစောသည် စစ်တက္ကသိုလ် အမှတ်စဉ် ၂၃ ကျောင်းဆင်းဖြစ်ပြီး တောင်ပိုင်းတိုင်းစစ်ဌာန ချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တို့တွင်လည်း တိုင်းမှူး တာဝန်များကိုထမ်းဆောင်ခဲ့ပြီး စစ်ထောက်ချုပ်အဖြစ် ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ခုနှစ် ဧပြီလအထိ တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း( MEC ) ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး စစ်တပ်ပိုင် အင်းဝဘဏ် ၏ ဥက္ကဋ္ဌအဖြစ်လည်း ထမ်းဆောင်နေကော စစ်ခါင်းဆောင်၏ အထူးအကြံပေး ပုဂ္ဂိုလ်လည်းဖြစ်သည်။

လယ်/ဆည် မြင့်လှိုင်သည် စစ်တပ်တွင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးဖြင့် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ အရာရှိချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၁၁ ခုနှစ် မှ ၂၀၁၆ ခုနှစ် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် လယ်/ဆည်ဝန် ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ကြံ့ဖွတ်ပါတီ၏ ထိပ်တန်းခေါင်း ဆောင်တစ်ဦးလည်းဖြစ်ပြီး အာဏာရှင်ဟောင်း သန်းရွှေ၏ စိတ်ချယုံကြည်ရသော လူယုံတစ်ဦးလည်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိ စစ်ကောင်စီက ဖမ်းဆီးထားသော မြင့်လှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီးညိုစောနှင့် ဒုဗိုလ်ချုပ်ကြီးဟောင်း အောင်စိုးတို့မှာ ယခင်စစ်အာဏာရှင်ဟောင်း သန်းရွှေ၏ အဓိက လူယုံများဖြစ်ပြီး စစ်ခေါင်းဆောင်ဟောင်း သန်းရွှေထံသို့ အဝင်အထွက်ရှိသူများဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ၂၀၂၃ ခုနှစ် မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့ အခမ်းအနားကို စစ်ဝတ်စုံအပြည့်ဖြင့် တက်ရောက်ခဲ့သော ဒုဗိုလ်ချုပ်ကြီးဟောင်း မြင့်လှိုင်နှင့် စစ်အရာရှိဟောင်းများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article