28 C
Yangon

မင်းအောင်လှိုင် ခေါင်းဆောင်သည့် ဖက်ဆစ်  စစ်တပ်ကို စစ်ရေးဖြင့် အရေးယူရန်မှ လွဲ၍ အခြားနည်းလမ်း မရှိသည်ကို နိုင်ငံတကာက အချိန်မီ နားလည်သဘော ပေါက်ရန်လိုသည်

အယ်ဒီတာ့အာဘော်

Must read

By ရန်ကုန်ခေတ်သစ်

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ မင်းအောင်လှိုင် ဦးဆောင်သည့် ဖက်ဆစ်စစ်တပ်က နိုင်ငံတော်ကို အာဏာကို အဓမ္မလုယူ သိမ်းပိုက်ပြီး ပြည်သူများကို သတ်ဖြတ်ခြင်း အပါအဝင် ဖက်ဆစ် လမ်းစဉ်အတိုင်း နိုင်ငံတစ်ဝန်း စစ်အာဏာရှင်စနစ်ကို လက်မခံသော ပြည်သူတစ်ရပ်လုံးကို ဖိနှိပ် ညှဉ်းပန်းလျက်ရှိနေသည်။ 

ယခင်ကတည်းက ဖက်ဆစ် သန္ဓေဖြင့် မွေးဖွားလာသော ဖက်ဆစ်စစ်တပ်သည် နှစ်ပေါင်း ၇၀ ကျော် တိုင်းရင်းသား လူမျိုးစုများအပေါ် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုများဖြင့် ယဉ်ပါးခဲ့ပြီးသားဖြစ်သည်။ ဖက်ဆစ်စစ်တပ်က ၎င်းတို့၏ ရက်စက်မှုများကို ၂၀၁၇ ခုနှစ် ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်ခြင်းဖြင့် ကမ္ဘာကို သက်သေ ပြသခဲ့ပြီး ဖြစ်သည်။ 

စစ်အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်နှင့် ဖက်ဆစ်စစ်တပ်သည် ပြည်သူ လူထုအပေါ် ယခင်ထက် ပို၍ ပင် ရက်စက် ကြမ်းတမ်းစွာ လုပ်ဆောင်လာနေပြီး သန်းပေါင်းများစွာသော ပြည်သူများမှာ ဖက်ဆစ်စစ်တပ်၏ ယုတ်မာ အောက်တန်းကျသော လုပ်ရပ်များကို ခါးစည်းခံနေရသည်။ 

ယခင်က တိုင်းရင်းသားဒေသများတွင်သာ ကြားသိရသော စစ်တပ်၏ လူမဆန် ရက်စက်သော ပစ်သတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ တရားလက်လွှတ်ဖမ်းဆီးခြင်း၊ ဥပဒေမဲ့ ရိုက်နှက်ခြင်း၊ ပစ္စည်းများ ခိုးဝှက်လုယူခြင်း၊ ကလေးနှင့်အမျိုးသမီးများကို ပါ လူမဆန်စွာ ဖမ်းဆီး သတ်ဖြတ်ခြင်းများကို ယခုအခါ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများ တွင် ပြည်သူများ နဖူးတွေ့ ဒူးတွေ့ တွေ့ကြုံလာရသည်။ 

စစ်တပ်က ညပိုင်းဖမ်းဆီးပြီး မနက်ပိုင်း အလောင်းပြန်ပေးခြင်း၊ စစ်ကြောရေးတွင် ဖမ်းဆီး သတ်ဖြတ် အလောင်းဖျောက်ခြင်း၊ ဖမ်းလိုသူမမိလျှင် မိသားစုဝင်မှန်သမျှ ဓားစာခံ ဖမ်းဆီးခြင်းဟူသော ဥပဒေမဲ့ ဖမ်းဆီး သတ်ဖြတ်မှုများကို နေ့စဉ် ပို၍ ဆိုးရွားစွာ ကျူးလွန်လာလျက်ရှိသည်။ 

ကုလသမဂ္ဂနှင့် နိုင်ငံတကာသည် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ မြန်မာ့အရေးကို စိုးရိမ်လာနေခဲ့ကြပြီး ၎င်းတို့၏ လက်တွေ့ အရေးယူမှုမပါသော စိုးရိမ်မှုများအောက်တွင် မြန်မာပြည်သူများစွာ ဖက်ဆစ်စစ်တပ်၏ လက်ချက်ဖြင့် ရက်စက်စွာ သတ်ဖြတ် ညှဉ်းပန်းနှိပ်စက်ခံနေရသည်။ 

လတ်တလော ရွာလုံးကျွတ်မီးရှို့ခြင်း၊ စစ်ကြောင်းချီတက်ရာ လမ်းတလျှောက် ကလေး လူကြီး အမျိုးသမီးပါ မကျန် သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်းတို့ကို စစ်ကိုင်း တိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်းတို့တွင် အလောင်း မင်းတရား၊ အနော်ရထာ စစ်ဆင်ရေးဆိုသည့် အမည်များတပ်၍ စစ်တပ်က  ကြမ်းချင်တိုင်း ကြမ်း၊ ရမ်းချင်တိုင်း ရမ်းကား နေတော့သည်။ 

လက်ရှိ မင်းအောင်လှိုင် စစ်တပ်၏ လူမဆန်သော ရက်စက်ယုတ်မာမှုများကို တားဆီးရန်မှာ တွေ့ဆုံဆွေးနွေးရေးဆိုသည့် စကားလုံးပျော့ပျော့၊  အာဆီယံကိုယ်စားလှယ် စေလွှတ်ခြင်းဆိုသော သံတမန်နည်းလမ်းများဖြင့် မဖြေရှင်းနိုင်သကဲ့သို့ နိုင်ငံတကာက ပြောဆိုသော “စိုးရိမ်ပါသည်” ဆိုသော စကားလုံးဖြင့်လည်း မဖြေရှင်းနိုင်ပါ။ 

မြန်မာစစ်တပ်သည် ဂျပန်ပြည် ဖက်ဆစ်စနစ်မှ အမြစ်တည်ပေါက်ဖွားလာသော ဖက်ဆစ် စစ်တပ်ဖြစ်ရာ ဖက်ဆစ် သန္ဓေအပြည့်ရှိနေပြီး အရက်စက်ဆုံး စစ်တပ်ဖြစ်သည်ကိုနားလည်ရမည်ဖြစ်သည်။ 

မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များ အပါအဝင် ဖက်ဆစ်စစ်တပ်မှ စစ်သား များသည် ကိုယ်ကျိုးစီးပွားအတွက် အတ္တမှိုင်းမိနေသော လူမိုက်များ ပင်ဖြစ်ကြပြီး ၎င်းတို့တွင် ကိုယ်ချင်းစာတရား၊ သနားညှာတာမှု မရှိသည်ကိုလည်း နိုင်ငံတကာက နားလည်ကြရမည် ဖြစ်သည်။ 

မင်းအောင်လှိုင်ကို သံတမန်စကားပြောဆိုနေခြင်းသည် ကျွဲပါးစောင်းတီး လုပ်နေခြင်းဖြစ်သည်။  မြက်စားရန်နှင့် ရွံ့လူးရန်သာ သိသော ကျွဲကို အနုပညာခံစားတတ်စေရန်  စေတန်ထား၊  ကျွဲအပါး ချဉ်းကပ် စောင်းတစ်လက်ဖြင့် အစွမ်း ကုန် တီး၍ ဖျော်ဖြေပြသော်လည်း ထိုကျွဲသည် အနုပညာခံစားတတ်မည်မဟုတ်ပေ။ အချိန်တန်လျှင် ကျွဲသည် မြက်စားပြီး ရွံ့လူးနေမည်သာဖြစ်သည်။ 

အလားတူ လက်နက်အားကိုး၍ လူသတ်ခြင်း၊ အနိုင်ကျင့်ခြင်း၊ ယုတ်မာခြင်းသာ အသိရှိသော မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များကို စေတနာထား၍ တွေ့ဆုံညှိနှိုင်းရေး အတွက် မည်မျှပင် သံတမန်နည်းလမ်းဖြင့် ချည်းကပ်စေကာမူ ဖက်ဆစ် စစ်ခေါင်းဆောင်များ သည် အချိန်တန်လျှင် လက်နက်အားကိုး၍ လူသတ်ကာ ယုတ်မာနေမြဲ ယုတ်မာနေသည်ကို လက်တွေ့ မြင်တွေ့နေရပြီဖြစ်သည်။ 

ဗုဒ္ဓဘာသာဇတ်တော်များတွင် တန်ခိုးအားကိုး၍ ရမ်းကားရိုင်းစိုင်းသော နန္ဒောပနန္ဒ နဂါးမင်းကို သူ့ထက်တန်ခိုးအရာ ကြီးမြတ်သော အရှင်မောဂ္ဂလာန်က တန်ခိုးအရာဖြင့်သာ ဆုံးမရသော ဥပမာ သာဓကများရှိခဲ့သည်။ 

လက်နက်အားကိုး၍ ယုတ်မာသော ဖက်ဆစ်စစ်တပ်နှင့် စစ်ခေါင်းဆောင်များကို စစ်ရေးအရ အရေးယူခြင်းကသာ မြန်မာပြည်သူများအတွက် လွတ်မြောက်ခြင်းဟူသော အဖြေထွက်နိုင်မည်ဖြစ်သည်။ 

မင်းအောင်လှိုင်နှင့် ဖက်ဆစ်စစ်တပ်၏ သန်းပေါင်းများစွာသော မြန်မာ ပြည်သူများအပေါ် ရက်စက်ယုတ်မာမှုများကို ရပ်ဆိုင်းစေရန် နည်းလမ်းတစ်ခုသာရှိနေပြီး ယင်းနည်းလမ်းမှာ စစ်ရေးအရ အရေးယူခြင်းဖြစ်သည်ကို နိုင်ငံတကာက အချိန်မီနားလည်ရန်လိုအပ်သည်။ 

ထိုသို့မဟုတ်လျှင်  အပြစ်မဲ့မြန်မာ ပြည်သူ ထောင်ပေါင်းများစွာကို သတ်ဖြတ်နေသော ဖက်ဆစ် မြန်မာစစ်တပ်၏ လုပ်ရပ်ကို ၂၁ ရာစု ခေတ်သစ် ကမ္ဘာကြီးက လျစ်လျူရှု၍ ရပ်ကြည့်နေခဲ့သည်ဆိုသော သမိုင်းဆိုးတစ်ခု ပေါ်ထွန်းလာမည်မှာ အသေ အချာပင်ဖြစ်သည်။

Photo Credit – Agency

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article