25 C
Yangon

အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုရန်မှ ပြည်သူများ ဘေးကင်းလုံခြုံစွာရှင်သန်နိုင်ရန် KSCC က အရေးပေါ် သတိပေးချက်ထုတ်ပြန်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၇

ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိဖြင့် ဒေသခံပြည်သူလူထုအပေါ် လေကြောင်းမှ တဆင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပြည်သူများအသက်ဆုံးရှုံးနေရပြီး အဆိုပါ လေကြောင်းတိုက်ခိုက်မှုရန်မှ ဘေးကင်းလုံခြုံစွာရှင်သန်နိုင်ရန် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ KSCC မှ အရေးပေါ်သတိပေးချက် အချက် ၉ ချက်ကို ယနေ့ ထုတ်ပြန်လိုက်သည်။

အဆိုပါ အချက် ၉ ချက်တွင် ဗုံးခိုကျင်းတူးရန် အသိပေးချက်များ၊ အစားအစာနှင့် တကိုယ်ရည်သုံးပစ္စည်းများ ပြင်ဆင်ထားရန်အချက်များ၊ တိုက်လေယာဉ် ပျံသန်းမှုဆိုင်ရာ အရေးပေါ်သတိပေးချက်ကို အလေးထားကြရန်၊ လမ်းပေါ် အကာကွယ်မဲ့ ဟင်းလင်းပြင်များသို့ ထွက်ကြည့်ခြင်းများ ရှောင်ကျဉ်ရန်၊ တိုက်ပွဲဖြစ်ရာနေရာများတွင် မလိုအပ်ဘဲ သွားလာမှု မပြုလုပ်ရန်၊ ဘေးကင်းလုံခြုံသည့်နေရာများသို့ ရွှေ့ပြောင်းနေထိုင်ကြရန်၊ ပိတ်မိနေသူများ ထိခိုက်ဒဏ်ရာရသူများတွေ့ရှိပါက အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များသို့ ချက်ချင်းဆက်သွယ်ရေးပေးရန်၊ မမှန်ကန်သည့် သတင်းဝါဒဖြန့်ဝေမှုများကို ရှောင်ကျဉ်ပေးကြရန် တို့ ပါရှိသည်။

ယမန်နေ့ညနှင့် ယနေ့နံနက်အစောပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်များသည် နန်းမယ်ခုံကျေးရွာနှင့် ဖရူဆိုရှိ စစ်ဘေးရှောင်စခန်းတို့ကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုကြောင့် မိန်းကလေးငယ်များအပါအဝင် ၆ ဦး သေဆုံးခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် အပြစ်မဲ့အရပ်သားပြည်သူများနှင့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဝင်များကို ခွဲခြားခြင်းမရှိဘဲ လူသားချင်းစာနာစိတ်ကင်းမဲ့စွာဖြင့် ပစ်ခတ်သတ်ဖြတ်နေကြောင်း၊ လူမျိုးတုံးသတ်ဖြတ်မှုများကို လက်တွေ့ကျကျ ကျူးလွန်နေကြောင်း ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီက ဆိုသည်။

အဆိုပါ အရေးပေါ်သတိပေးချက်များကို အလေးအနက်ထား ပူးပေါင်းဆောင်ရွက်ပေးခြင်းဖြင့် ကရင်နီရဲဘော်များနှင့်အတူ ဖက်ဆစ်အာဏာရှင်တော်လှန်ရေး ဆုံးခန်းတိုင်အောင်ပွဲရသည်အထိ တွန်းလှန်နိုင်ကြစေရန် တိုက်တွန်းနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article