25 C
Yangon

ရေဦးမြို့ ချမ်းသာရွာသို့ အကြမ်းဖက် စစ်ကောင်စီ ဝင်ရောက်ကာ ဘုန်းကြီးကျောင်းနှင့် ဘုရားကျောင်းကို ဖျက်ဆီး၊ ပစ္စည်းများကို ခိုးယူသွား

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၁ 

ရေဦးမြို့နယ် ချမ်းသာရွာသို့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များ ဇန်နဝါရီလ ၂၀ ရက်နေ့ နေ့လယ် ၁ နာရီတွင် ဝင်ရောက်ပြီး ဘုန်းကြီးကျောင်းဝင်းနှင့် ဘုရင်ဂျီ ဘုရားကျောင်းကို ဝင်ရောက်ကာ မွှေနှောက် ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောဆိုသည်။ 

“ညပိုင်းကို ချမ်းသာရွာရဲ့ ဘုရင်ဂျီဘုရားကျောင်းထဲမှာ တပ်စွဲပြီး ဘုန်းကြီးကျောင်းတံခါးဖွင့်ထားပါလျက်နဲ့ မှန်တွေ ရိုက်ခွဲ တံခါးတွေ ရိုက်ခွဲပြီး အကုန်မွှေနှောက်သွားပါတယ်။ ဘုရားကျောင်းကြီးအတွင်းမှာလည်း ဖျက်ဆီးမှုတချို့ ပြုလုပ်ထားပါတယ်” ဟု ဒေသခံများက ပြောကြားသည်။ 

အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ကျေးရွာအတွင်းရှိ ခရစ်ယာန် သီလရှင်ကျောင်းကိုလည်း မွှေနှောက်ဖျက်ဆီးသွားခဲ့ပြီး ကျောင်းများအတွင်းရှိ ပစ္စည်းများကို ယူဆောင်သွားခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ 

လက်ရှိအချိန်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ချမ်းသာရွာမှ မိဿရွာဘက်မှ ငြုတ်တုံရွာဘက်သို့ ထွက်ခွာနေသည်ဟု သိရှိရသည်။ 

ချမ်းသာရွာရှိ ပြည်သူများသည် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဝင်ရောက်ချိန်တွင် ကြိုတင် ပုန်းရှောင်နေပြီး ရွာသို့ ပြန်လာသည့် ရွာသား နှစ်ဦးကို ဖမ်းဆီးစစ်ဆေးကာ ဖုန်းများကို ယူသွားကြောင်း ဒေသခံများ က ပြောဆိုသည်။ 

အကြမ်းဖက်စစ်ကောင်စီသည် မိဿရွာတွင်လည်း ပြည်သူများ၏ ဆိုင်ကယ် ၃ စီးကို မီးရှို့ဖျက်ဆီးမှု ပြုလုပ်ခဲ့သေးသည်။ 

မိဿာရွာအနီးတွင် ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခုနှင့် စစ်ကောင်စီကြား ယနေ့နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားကြောင်း သိရှိရပြီး နှစ်ဖက်ကျဆုံးအသေးစိတ်တော့ ကနဦး မသိရှိရသေးပေ။

ပုံစာ – ချမ်းသာရွာရှိ ဘုန်းကြီးကျောင်းနှင့် ဘုရားကျောင်းများ ဖျက်ဆီးခံရမှု မြင်ကွင်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article