25 C
Yangon

မြိုင်မြို့နယ်တွင် ရေနံမှော်များကို  စစ်ကောင်စီက မီးရှို့ဖျက်ဆီးသည့်အပြင် အလုပ်သမားတချို့ကိုပါ စစ်တပ်က သတ်ဖြတ်၊ အမျိုးသမီးတချို့ကို ဖမ်းခေါ်သွား

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၆ 

မကွေးတိုင်း၊ မြို့နယ်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးသည့်အပြင် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် အလုပ် သမားတချို့ကိုပါ သတ်ဖြတ်ပြီး မီးရှို့ အလောင်းဖျောက်ဖျက်ကြောင်း၊ အမျိုးသမီးတချို့လည်း ခေါ်ဆောင် သွားခံရကြောင်း ရေနံမှော်ပိုင်ရှင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။ 

ဇန်နဝါရီလ ၁၅ ရက်နေ့မှစတင်၍ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ်ရှိ ရေနံမှော်များကို စစ်ကောင်စီတပ်က ပျူစောထီးများနှင့်အတူ ၀ိုင်းလာကြောင်း၊ ရေနံမှော်ပိုင်ရှင်များက ငွေကြေးပေးသည့်အပြင် မီးရှို့များ မလုပ်ရန် ညှိနှိုင်းခဲ့ကြောင်း၊ သို့ရာတွင် ငွေကြေးသာ ယူပြီး နေ့စဉ် ရေနံမှော်များကို မီးရှို့ဖျက်ဆီးကြောင်း၊ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ရေနံမှော် အလုပ်သမား ၃ ဦးကို PDF ဟုဆိုကာ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ပြီး မီးရှို့ အလောင်းဖျောက်ဖျက်ကြောင်း၊ အလုပ်သမားမိသားစု၏ ဇနီးများဖြစ်ကြသည့် အမျိုးသမီး ၂ ဦးကိုမူ ဖမ်းခေါ်သွားပြီး သတင်းအစအန ပျောက်ဆုံးလျက်ရှိကြောင်း သိရှိရသည်။ 

“တချို့ ရေနံကျင်းပိုင်ရှင်မှ မီးမရှို့ဖို့ ငွေတောင်းသလောက်ပေးတယ်။ အဲဒါလည်း ရေနံမှော်တွေကို မီးရှို့ဖျက်ဆီးကြတယ်။ နောက်တစ်ခါ ရေနံမှော်က အလုပ်သမား ၃ ဦးကို စစ်တပ်က ဖမ်းပြီး ညှဉ်းပန်းသတ်ဖြတ်တယ်။ အဲဒီလူ ၃ ဦးကို နားရွက်ဖြတ်တယ်။ ဖင်စအိုကိုဓားနဲ့ထိုးတယ်။ နောက်ပြီး ကောက်ရိုးပုံနားမှာ မီးရှို့ သတ်တယ်။ အမျိုးသမီး ၂ ဦးကိုလည်း ဖမ်းသွားတယ်။ အလုပ် သမားနဲ့ အလုပ်သမားမိသားစုတွေကပါ။ နာမည်တွေအတိအကျ မသိရသေးဘူး။ အဓိက PDF လာရှာတယ်ဆိုပြီး လုပ်ချင်တိုင်းကို လုပ်ကြတာ။ အခုတော့ အလုပ်သမားမိသားစုတွေလည်း ရေနံမှော်တွေက အသတ်ခံရမှာ ကြောက်လို့ ပြေးကုန်ကြပြီ” ဟု ရေနံပိုင်ရှင်တစ်ဦးက ပြောသည်။ 

ရေနံမှော်များကို မီးရှို့ဖျက်ဆီးပြီး အလုပ်သမားများကို သတ်ဖြတ်နေသည့် တပ်ရင်းမှာ  ပခုက္ကူ (၁၀၁) လက်အောက်ခံ တပ်ရင်း (၂၂)မှ ဖြစ်ပြီး ရေနံမှော်အနီးအနားကျေးရွာများတွင် တပ်စွဲ၍ ရေနံမှော်များကို မီးရှို့ဖျက်ဆီးပြီး အလုပ်သမားများကို သတ်ဖြတ်စစ်မေးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article