25 C
Yangon

CDM လုပ်ရန် ပြင်ဆင်နေသည့် ဂန့်ဂေါမြို့နယ်မှူး ဒုရဲမှူးခင်မောင်ထွေးကို မင်းအောင်လှိုင်ထောက်ခံသူရဲက သတ်ဖြတ်၊ မိုင်းထိသည်ဟု မိသားစုကို အသိ ပေးပြီး နာရေးလာခွင့်မပြု

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၀

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးခင်မောင်ထွေးသည် ဇန်နဝါရီလ ၂၈ ရက်နေ့ သေဆုံးသွားပြီး CDM လုပ်ရန် ပြင်ဆင်နေစဉ် မင်းအောင်လှိုင် ထောက်ခံသည့် ရဲအုပ်က သတ်ဖြတ်ခြင်းဖြစ်သော်လည်း မိသားစုကို မိုင်းထိ၍ သေဆုံးသည်ဟုဆိုကာ နာရေးလာခွင့်မပြုခဲ့ကြောင်း ရဲသတင်းရင်းမြစ်များထံမှ သိရှိရသည်။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှ ဒုရဲမှူးခင်မောင်ထွေးသည် ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီတွင် ရဲစခန်းတွင်ပင် ပစ်ခတ်ခံရကြောင်း၊ ယင်းနောက် ဆေးကုသမှု ခံယူနေစဉ် ဇန်နဝါရီ ၂၉ ရက်နေ့ နံနက် ၀၀ နာရီ ၄၀ မိနစ်တွင် ဆုံးပါးသွားကြောင်း၊မိသားစုကို နာရေးလာခွင့်မပြုသည့်အပြင် အလောင်းကို သေချာစွာ ပြသခြင်းမရှိကြောင်း၊ မိုင်းထိ၍ သေဆုံးသည်ဟုသာ မိသားစုကိုအကြောင်း ကြားကြောင်း သိရှိရသည်။ “(ဒုရဲမှူး) ကိုခင်မောင်ထွေးက လူပျိုအရွယ်ရောက်နေပြီဖြစ်တဲ့ သား ၂ ဦးရှိတယ်။ အာဏာသိမ်းတဲ့အချိန် မန္တလေး ခရိုင်ရုံးမှာ တာဝန်ကျနေတာ။ CDM လုပ်ချင်ပေမယ့် သား ၂ ဦးကိုငဲ့ပြီး မလုပ်ရဘူး။ အဲဒါ မနှစ် ၉ လပိုင်းမှာ မြို့နယ်မှူးရာထူးတိုးပေးပြီး ဂန့်ဂေါပို့တယ်။ အဲဒါကို သူက ထွက်စာတင်တယ်။ ပေးမထွက်ဘူး။ ဖရဲသီးလုပ်တယ်ဆိုပြီး အထက်က သတိပေးစာ ပို့တယ်။ အခုတော့ မအလဘက်တော်သားတွေက ပစ်ခတ်လို့ ဆုံးတာပဲ။ ပစ်သတ်တာပေါ့။ နာရေးကို မိသားစုလိုက်ခွင့်မရဘူး။ အဓိကက တိုက်ပွဲကျတာမဟုတ်ပါဘူး။ အဲဒါကို မိသားစုကို မိုင်းထိတယ်ဆိုပြီး လိမ်အကြောင်းကြားတယ်။ သူက စခန်းထဲမှာပဲ နေရတဲ့သူ ” ဟု မိတ် ဆွေတစ်ဦးက ပြောသည်။ ဒုရဲမှူး ခင်မောင်ထွေးအလောင်းတွင် ဦးခေါင်းကို ပတ်တီးစည်းထားပြီး မျက်နှာတွင် အညိုအမဲများ စွဲနေကြောင်း ၊ မိုင်းထိမှန်မှု လုံး၀ မဟုတ်ကြောင်း၊ ဒဏ်ရာရရှိ၍ ဆေးကုသမှု ခံယူနေစဉ်ကလည်း ဂန့်ဂေါမှ ရဟတ်ယာဉ်ဖြင့် သယ်ယူပြီး ဆေးကုသခွင့်ပေးရန် မိသားစုက တောင်းဆိုခဲ့သော်လည်း စစ်တပ်နှင့်ရဲဘက်က လုပ်ဆောင်ပေးခဲ့ခြင်း မရှိကြောင်း ရဲသတင်းရင်းမြစ်များက ပြောသည်။‌”ဆေးကုမပေးဘူး။ သူ့လက်အောက်က မင်းအောင်လှိုင် ထောက်ခံတဲ့ အမာခံရဲအုပ်က အထက်အမိန့်အရသတ်ပစ်တယ်ဆိုတာ အတိအကျ ပြန်သိရတယ်။ မိသားစုကိုအလောင်းပြင်တဲ့ ဓာတ်ပုံ ဗီဒီယို လုံး၀မပြဘူး။ မိုင်းထိရင်တော့ စုတ်ပြတ်သွားမှာပေါ့။ ခေါင်းကဒဏ်ရာက မိုင်းထိတာမဖြစ်နိုင်ဘူးဆိုတာ ရဲတွေ အကုန်လုံးလည်း သိတယ်” ဟု ရဲသတင်းရင်းမြစ်က ပြောသည်။ ရဲသတင်းရင်းမြစ်၏ အဆိုအရ မကွေးခရိုင်အတွင်းရှိ တပ်နှင့် ရဲတပ်ဖွဲ့များတွင် CDM များနှင့် ထွက်ပြေးသူများကို ဖမ်းဆီးမနေဘဲ ပစ်သတ်နိုင်သည်ဆိုသော အမိန့် ထုတ်ပြန်ထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article