30.5 C
Yangon

တိတ်ဆိတ်ငြိမ်သက်ခြင်းဖြင့် အကျယ်လောင်ဆုံး ဟစ်ကြွေးရမည့် တော်လှန်ရေး နှစ်ပတ်လည် အသံတိတ်သပိတ်

Must read

By လမ်းသစ်

ပြည်သူ့အစိုးရထံမှ မတရား အာဏာလုယူခြင်း ခံရသည်မှာ ဖေဖော်ဝါရီ ၁ ရက်တွင်တစ်နှစ်ပြည့်ပြီဖြစ်သည်။ တစ်နည်းဆိုသော် တစ်နိုင်ငံလုံး အမှောင်ဖုံးခဲ့သည်မှာ တစ်နှစ်ပြည်.မြောက်ခဲ့ပြီလည်း ဖြစ်သည်။ စစ်အာဏာသိမ်းမှုကိုလည်း ပြည်သူတို့က နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်နေကြဆဲ၊ တော်လှန်နေကြဆဲ ဖြစ်သည်။ ယင်းတို့အနက် နွေဦးတော်လှန်ရေး နှစ်ပတ်လည်နေ့တွင် ဆင်နွဲကြမည့် လှုပ်ရှားမူက Silent Strikeဟုဆိုသည်. အသံတိတ်သပိတ်ပင်ဖြစ်သည်။ မှန်သည်။ အကျယ်လောင်ဆုံးသောအသံကား တိတ်ဆိတ်ငြိမ်သက်ခြင်းပင် ဖြစ်သည်ဟု ဆိုရိုးကလည်းရှိသည်။ ကလေးများပင် ၎င်းတို့မကျေနပ်မူများကို ဖော်ပြရန် စကားမပြောဘဲ အသံတိတ်နေလေ့ ရှိကြသည်ပဲ ဖြစ်သည်။ အော်ဟစ်ငိုယိုနေခြင်းထက် ပိုမိုထိရောက်သည့် နည်းလမ်းလည်း ဖြစ်သည်။ ယင်းကဲ့သို့ပင် ပြည်သူများကလည်း စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း အသံတိတ်၍ ဆန္ဒဖော်ထုတ်ကြမည်ဖြစ်သည်။မှတ်သားမိသရွေ့ဆိုပါက ယခင်ကလည်း အသံတိတ်သပိတ်ကို နှစ်ကြိမ်တိုင် ပြုလုပ်ခဲ့ဖူးသည်။ အကြိမ်တိုင်းလည်း အာဏာရှင်တို့ ခြောက်ခြားခဲ့သည်အထိ ပြည်သူတို့ ညီညွတ်ခဲ့ကြပြီး အောင်မြင်ခဲ့သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့က ပြုလုပ်ခဲ့သည့် ပြည်လုံးကျွတ် အသံတိတ်သပိတ်ကြီးကိုလည်း နိုင်ငံတကာမီဒီယာများက အလေးအနက်ထား တစ်ခမ်းတစ်နား ချီးကျူးဖော်ပြကြခဲ့ရသည်အထိ အောင်မြင်ခဲ့သည်။ မြန်မာ့အရေးကို ထပ်မံအာရုံစိုက်မူများ ရရှိခဲ့သည်။ယခုတော်လှန်ရေး နှစ်ပတ်လည်နေ့တွင် ပြုလုပ်မည့် အသံတိတ်သပိတ်ကိုလည်း တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြသည်။ ထို.ကြောင့်ပင် စစ်အာဏာရှင်တို.က အသံတိတ်သပိတ် အောင်မြင်မည်ကို တုန်လှုပ်နေကြပြီး နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်တားဆီးနေကြခြင်းဖြစ်သည်။ အသံတိတ်သပိတ်တွင် ပြည်သူများ မပါဝင်နိုင်စေရန် ခြိမ်းခြောက်မူများကတော့ မျိုးစုံပင်ဖြစ်သည်။ဥပဒေပုဒ်မမျိုးစုံဖြင့် အရေးယူမည်ဟု ခြိမ်းခြောက်ခြင်း၊ ဈေးဆိုင်နှင့်ဆိုင်ခန်းများကို ယင်းနေ့တွင် မပိတ်စေရန် ဖိအားပေးခြင်း၊ အွန်လိုင်းပေါ်တွင် လှုံ့ဆော်သူများကို အရေးယူခြင်းများအပြင် ရပ်ကွက်များအတွင်းအထိ လိုက်လံကြေညာခြင်းတို့လည်း ပါဝင်သည်။ အသံတိတ်သပိတ်ကို တားဆီးရန် ကြိုးပမ်းမူများအနက် လူအများကြား ဟာသဖြစ်စရာ အကြောင်းတစ်ခုလည်းရှိသေးသည်။အသံတိတ်သပိတ်ပြုလုပ်မည့် ဖေဖော်ဝါရီ ၁ ရက်တွင် မန္တလေးမြို.တွင် နေ့ခင်းကြောင်တောင် စက်ဘီးစီး ပြိုင်ပွဲပြုလုပ်ရန် စီစဉ်လာခြင်းပင် ဖြစ်သည်။ အသံတိတ်သပိတ်နေ့ရက်တွင် လမ်းမများထက် လူမရှိဘဲ ဖြစ်နေမည့်အရေးကို ဖျက်ဆီးရန် ကြံစည်ခြင်းလည်းဖြစ်သည်။ ယင်းဖြစ်စဉ်ကိုကြည့်ပါက ပြည်သူတို့၏ တိတ်ဆိတ်ငြိမ်သတ်ခြင်းဖြင့် ဆန္ဒဖော်ထုတ်မည့်အရေးကို စစ်အာဏာရှင်တို့ မည်မျှကြောက်ရွံ့နေသည်မှာ ပေါ်လွင်နေသည်။အသံတိတ်သပိတ် ပြုလုပ်မည့်နေ့တွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ မိမိနေအိမ်များတွင်သာ နေထိုင်ကြခြင်းဖြင့် တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်ကို ပြသမည်ဖြစ်သည်။ ညနေ ၄ နာရီတွင်မူ အောင်မြင်မူ အထိမ်းအမှတ်အဖြစ် လက်ခုတ်တီးလှုပ်ရှားမူ ပြုလုပ်မည်ဖြစ်သည်။ ယင်းအချိန်နာရီကို သတ်မှတ်ထားခြင်းမှာလည်း မဖြစ်မနေ အလုပ်သွားရမည့်သူများ အဆင်ပြေစေရန်ရည်ရွယ်သည် ဟုလည်း သိရသည်။အဆိုပါမဖြစ်မနေ အလုပ်သွားရမည့်သူများမှာလည်း နံနက်၁၀ နာရီမတိုင်မီ အလုပ်ရောက်အောင်သွား၍ ညနေ ၄ နာရီနောက်ပိုင်းမှ အလုပ်မှပြန်ရန် တိုက်တွန်းထားသည်။ ထို.အပြင်ဖိအားများကြောင့် မဖြစ်မနေ ဆိုင်ဖွင့်ရမည့်သူများအနေဖြင့် ဆိုင်ဖွင့်ရန်၊ သို.သော်ဈေးဝယ်သူများက နံနက် ၁၀ နာရီမတိုင်မီ ဈေးဝယ်၍ နေအိမ်တွင်သာ နေထိုင်ခြင်းဖြင့် ပူးပေါင်းပါဝင်ကြရန်လည်း အကြံပြုထားသည်ကို တွေ.ရသည်။သပိတ်စီစဉ်သူများ ပြောကြားထားသလိုပင် အဓိကရည်ရွယ်ချက်မှာ လမ်းမများထက်တွင် လူသူမရှိကြောင်း ပြသရန်သာဖြစ်သည်။ စစ်အာဏာရှင်ကို အလိုမရှိကြောင်း တိတ်ဆိတ်ခြင်းဖြင့် ကမ္ဘာသိ ဆန္ဒဖော်ထုတ်ရန်ပင် ဖြစ်သည်။ထို.ကြောင့်ပင် တစ်ကမ္ဘာလုံးက စောင့်ကြညါ့နေသည့် အသံတိတ်သပိတ် တစ်ခါအောင်မြင်တိုင်း မြန်မာ့အရေးမှာ တစ်ဖန်ထိပ်တန်းပြန်ရောက်လာပြီး စစ်အာဏာရှင်တို့အတွင်း ဖိအားပိုပိုတိုးလာသည်ဟု လေ့လာသူများက ဆိုကြခြင်း ဖြစ်သည်။နွေဦးတော်လှန်ရေးနှစ်ပတ်လည် ဖေဖော်ဝါရီ ၁ ရက်တွင်လည်း ပြည်သူများက ညီညွတ်စွာဖြင့် အသံတိတ်လှုပ်ရှားမူကြီးတွင် ပါဝင်ကြဦးမည်သာ ဖြစ်သည်။ စစ်အာဏာရှင်တို့ တုန်လှုပ်ရသည့် ပြည်သူများ၏ တိတ်ဆိတ်ငြိမ်သက်ခြင်း အကျယ်လောင်ဆုံးအသံများကို ကမ္ဘာကြီးကလည်း စောင့်မျှော်နေပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article