36 C
Yangon

နတ်မောက်ရှိ ကျေးရွာ ၃ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို နေ့စဉ် လုယက်နေသောကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ 

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၁ 

မကွေးတိုင်း၊ နတ်မောက်မြို့နယ် သပွတ်ပင်ကျေးရွာရှိ စာသင်ကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ကပေါင်းကုန်းကြီး ကျေးရွာ၊ သပွတ်ပင်ကျေးရွာနှင့် ကျောက်အိုးကျေးရွာများကို နေ့စဉ် ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို လုယက်ယူဆောင်နေသောကြောင့် အဆိုပါ ကျေးရွာ ၃ရွာရှိ ဒေသခံပြည်သူများ ဒေလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ 

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် သပွတ်ပင်ကျေးရွာရှိ စာသင်ကျောင်းကို ဇန်နဝါရီလ ၂၇ ရက်နေ့က စတင်ကာ ဝင်ရောက် တပ်စွဲပြီး လက်ရှိချိန်ထိ နေထိုင်လျက်ရှိကာ ကပေါင်းကုန်းကြီးကျေးရွာ၊ သပွတ်ပင် ကျေးရွာနှင့် ကျောက်အိုးကျေးရွာများကို နေ့စဉ်ဝင်ရောက် စီးနင်း လုယက်နေခြင်းဖြစ်ကြောင်း သိရသည်။ 

” စစ်တပ်က သပွတ်ပင်ကျေးရွာ စာသင်ကျောင်းမှာ တပ်စွဲပြီး ရွာ၃ရွာကို နေ့စဉ်နီးပါး ဝင်စီးနေတာ ပြည်သူပိုင် ပစ္စည်းတော်တော်များများကို ဖောက်ထွင်းခိုးယူလုယက်နေတာ ဆန်၊ ဆီ စားသောက်ကုန် ပစ္စည်းတွေ အိမ်မွေးတိရစ္ဆာန် ကြက်၊ ဆိတ် အကုန်လုံးကို ယူတာ လှည်းတွေ နွားတွေလည်း ယူတယ်။ နောက်ပြီး ပြည်သူတွေက စိုက်ဖို့ မျိုးစပါး၊ ပြောင်း၊ ပဲ တွေရဲ့ မျိုးစေ့အိတ်တွေကို ဓားတွေနဲ့ ဖောက်ပြီး ကြမ်းပြင်မှာ ဖြန့်ကျဲခဲ့တယ်။ ပြောင်း၊ ပဲ အစ အကုန်လုံးကို ယူသွားတယ်။ နေအိမ်မှာ အလှမွေးထားတဲ့ ချိုး၊ ငှက်တွေပါ အကုန်လုံးယူတယ်။ သူတို့ အဲလို စိတ်ကြိုက်ယူပြီးတာတောင် သာမန် လက်လုပ်လက်စား မပြေလည်တဲ့ နေအိမ်တွေကလည်း ကြက်ရှိလျှင် ကြက်၊ ဆန်တစ်တင်းရှိလျှင် တစ်တင်း ၊ တစ်အိတ်ရှိလျှင် တစ်အိတ် အကုန်ထပ်ယူကြတယ်။ အဲလိုတွေ နေ့တိုင်းလုပ်နေတော့ ပြည်သူတွေလည်း ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင် နေရတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။ 

ထို ကျေးရွာ ၃ရွာတွင် အကြမ်းဖက် စစ်တပ်က နေ့စဉ် ဝင်ရောက်ပြီး ပြည်သူပိုင် ပစ္စည်းများကို လုယက်ယူဆောင်ခြင်းများ ပြုလုပ်ပြီးနောက် ကျေးရွာတွင်းရှိ ပြည်သူများကို လိုက်လံ ဖမ်းဆီး ရိုက်နှက်ခြင်း၊ ထိုင်ထ၊ ဖားခုန်များ ပြုလုပ်ခိုင်းပြီး စစ်သားများက ဝိုင်းဝန်း ပျက်ရယ်ပြုခြင်းများပါ လုပ်ဆောင်ပြီး ဖမ်းဆီးထားသူများကို ၎င်းတို့ တပ်စွဲထားသည့် စာသင်ကျောင်း ဝန်းအတွင်း မြေကတုတ်ကျင်း တူးခြင်းများပါ အတင်းအဓမ္မ လုပ်ဆောင်ခိုင်းကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article