30.5 C
Yangon

ရန်ကုန်မလွှကုန်းမှ CDM မီးရထားဝန်ထမ်း ၇ ဦးကို စစ် တပ် က ဖမ်းဆီးပြီး  ကိုအောင်ကိုလတ်ကို စစ်ကြောရေးတွင် သတ်ဖြတ်၊ ဒဂုံဆိပ်ကမ်းမှ လူငယ် ၃ ဦးအဖမ်းခံရပြီး အသက်အန္တရာယ်စိုးရိမ်ရ 

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၆ 

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ် မလွှကုန်းဘူတာမှ CDM မီးရထားဝန်ထမ်း ၇ ဦးကို စစ်တပ်က ဖမ်းဆီးသွားပြီး ကိုအောင်ကိုလတ်ကို စစ်ကြောရေးတွင် စစ်တပ်က သတ်ဖြတ်လိုက်ကြောင်း မီးရထားဝန်ထမ်းများထံမှ သိရှိရသည်။ 

ဇန်နဝါရီလ ၄ ရက်နေ့ မလွှကုန်းဘူတာတွင် ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း၊ ဇန်နဝါရီလ ၄ ရက်နေ့ ည ၁၀ နာရီတွင် မလွှကုန်းမီးရထားရပ်ကွက်မှ CDM မီးရထားဝန်ထမ်း လူငယ် ၇ ဦးကို စစ်တပ်က လာရောက်ဖမ်းဆီးသွားကြောင်း၊ ဖမ်းဆီးခံရသူများအနက်မှCDM မီးရထားဝန်ထမ်း ကိုအောင်ကိုလတ်က ဇန်နဝါရီလ‌ ၅ ရက်နေ့တွင် စစ်ကြောရေးတွင် စစ်တပ်က သတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။ 

“မလွှကုန်းဘူတာ ဗုံးပေါက်တာ မသင်္ကာလို့ဆိုပြီး CDMဝန်ထမ်း ၇ ဦးကို ဖမ်းသွားတာ။ အဲဒီအထဲမှာမှ ကိုအောင်ကိုလတ်က စစ်ကြောရေးမှာ ဆုံးတယ်။ စစ်တပ်က နေ့ချင်းသဂြိုလ်လိုက်တယ်”  ဟု မီးရထားဝန်ထမ်းတစ်ဦးက ပြောသည်။ 

ထို့ပြင် ဇန်နဝါရီလ ၁၂ ရက်နေ့ ည ၁၁ နာရီဝန်းကျင်တွင် ရန်ကုန်တိုင်း၊ဒဂုံဆိပ်ကမ်းမြို့နယ် စစ်တောင်းရိပ်မွန် ၉၂ရပ်ကွက် နှင်းဆီလမ်း တိုက် ၄၁ မြေညီထပ်တွင် နေထိုင် လူငယ် ၃ ဦးကို စစ်တပ်က ဖမ်းဆီးသွားပြီး သတင်းအစအနပျောက်ဆုံးလျက်ရှိကြောင်း၊ အဖမ်းခံရသော လူငယ်သုံးဦးမှာ  မောင်နိုင်အောင်(ခေါ်)ဆိပ်ကမ်း၊ မောင်အောင်သူဟိန်း(ခေါ်)အောင်ကြီး၊ မောင်အောင်မင်းမြတ်(ခေါ်) ဖြူဖွေး တို့ဖြစ်ကြောင်း ​ဒေသခံများထံမှ သိရှိရသည်။ 

“သူတို့ သတင်းအစအန မရတော့ပါဘူး။ စစ်ကြောရေးမှာ သတ်ဖြတ်တာတွေ လုပ်နေတော့ စိုးရိမ်စရာကောင်းပါတယ်” ဟု မိတ်ဆွေတစ်ဦးက ပြောသည်။ 

အလားတူ မင်္ဂလာဒုံမြို့နယ်တွင်လည်း လူငယ် ၂ ဦး နှင့် သင်္ဃန်းကျွန်း မြို့နယ်တွင်လည်း ကိုဇင်ဆိုသူတစ်ဦးအပါအဝင် လူငယ် ၃ ဦးကို စစ်တပ်က ယနေ့ ဖမ်းဆီးသွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article