34 C
Yangon

မြန်မာနှင့် တရုတ်ကြွေးမြီသင်ခန်းစာများ

Must read

By လမ်းသစ်

တရုတ်ကြွေးမြီ ထောင်ခြောက်အတွင်း ရောက်ရှိနေသည့် မြန်မာနှင့် အနီးကပ်ဆုံးသော နိုင်ငံဟုဆိုလျှင် လာအိုနိုင်ငံကို ညွှန်းဆိုရမည်ဖြစ်သည်။

လာအိုသည် များပြားလာသော တရုတ်ကြွေးမြီကို လျော့ချရန်အတွက် ၎င်း၏ အမျိုးသားလျှပ်စစ်ဓာတ်အားလိုင်း ဖြန့်ဖြူးသည့် လုပ်ငန်းအချို့ ကို ၂၀၂၀ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ရောင်းချခဲ့ရသည်။

လက်ရှိ အမေရိကန်ဒေါ်လာ ၆ ဘီလီယံ ခန့် ရင်းနှီးမြှုပ်နှံထားသော လာအို-တရုတ် မီးရထားလမ်း စီမံကိန်းသည်လည်း တရုတ်ချေးငွေဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး တရုတ်အစိုးရပိုင်ကုမ္ပဏီက ပါဝင်လည်ပတ်နေသည်။

အဆိုပါ စီမံကိန်း ချေးငွေပမာဏ သည် လာအိုနိုင်ငံ GDP ၏ သုံးပုံ တပုံနှင့် ညီမျှနေပြီး၊ လာအိုအစိုးရသည် အဆိုပါ ရထားလမ်းစီမံကိန်းအတွက် တရုတ်သို့ အမေရိကန်ဒေါ်လာ ၁.၇၉ ဘီလီယံ ပြန်လည် ပေးဆပ်ရမည် ဖြစ်သည်။

အဆိုပါ ရထားလမ်းသည် တရုတ်အတွက် အာဆီယံနိုင်ငံများနှင့် ချိက်ဆက်ပေးမည့် BRI စီမံကိန်းအစိတ်အပိုင်း ဖြစ်နေပြီး ကုန်းတွင်းပိတ် လာအိုနိုင်ငံအတွက်လည်း ကုန်စည်ပို့ဆောင်ရေးကဏ္ဍမှ ငွေကြေးရရှိရန် မျှော်မှန်းနေသည်။

သို့သော် အာဆီယံနှင့် တရုတ်ကုန်သွယ်ရေးလမ်းကြောင်းတွင် အဓိကကျသည့် နိုင်ငံမှာ ထိုင်းနိုင်ငံဖြစ်သည်။ လာအိုနှင့် ထိုင်းနိုင်ငံကြား မြန်နှုန်းမြင့် ရထားလမ်းကို ဖောက်လုပ်ရန် စီစဥ်နေဆဲဖြစ်ပြီး လာမည့် (၅)နှစ်အတွင်း ထိုင်းနိုင်ငံနှင့် အခြားအာဆီယံဒေသမှ ကုန်စည်များကို အဆိုပါ တရုတ်-လာအို မီးရထားလမ်း‌ကြောင်းဖြင့် အများအပြား မတင်ပို့နိုင်ပါက လုပ်ငန်းအရှုံးပေါ်မည့် အခြေအနေ ဖြစ်ပေါ်လာနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။

လက်ရှိ လာအိုနိုင်ငံ၏ GDP မှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ ပင် မရှိရာ၊ အကြွေးမှာ GDP ၏ ထက်ဝက်နီးပါး ရှိနေသည်ဟု ပြောနိုင်သည့် အနေအထား ဖြစ်သည်။

လာအိုနိုင်ငံသည် Covid-19 ကပ်ရောဂါအခြေအနေကြောင့် ကြွေးမြီ ပိုတိုးလာနေပြီး အစီရင်ခံစာ တခုအဆိုအရ မီးရထားလမ်းစီမံကိန်း ချေးငွေ အပါအဝင် ချေးငွေများကြောင့် အာဆီယံအတွင်း ကြွေးမြီ ပြသာနာများပြားသော နိုင်ငံတခု ဖြစ်လာနေသည် ဟု ဆိုသည်။

တရုတ်အပေါ် မြန်မာကြွေးမြီ
=============

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအပေါ် အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော် အကြွေးပေးဆပ်ရန် ကျန်ရှိနေသည် ဟု ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် အစိုးရကြွေးမြီဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာက ဖော်ပြထားသည်။ အမေရိကန်ဒေါ်လာ ၅.၃ ဘီလီယံ ချေးယူခဲ့ပြီး ၂ ဘီလီယံကျော် ပြန်ပေးဆပ်ပြီး ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ် ကြွေးမြီနှင့် အတိုး ပြန်ပေးဆပ်သည့် ငွေပမာဏမှာ အမေရိကန်ဒေါ်လာသန်း ၇၀၀ ဝန်းကျင် ရှိပြီး တရုတ်နိုင်ငံသို့ တိုး/ရင်း ပေါင်း အမေရိကန်ဒေါ်လာ သန်း ၅၅၀ ခန့် နှစ်စဥ်ပေးဆပ်နေရသည် ဟု ဆိုသည်။

တရုတ်အကြွေးအများစုမှာ ၂၀၁၁ ခုနှစ် မတိုင်မှီက ချေးယူထားသော ချေးငွေအများစု ဖြစ်ပြီး NLD အစိုးရလက်ထက်ကာလတွင် ‌တရုတ်ကြွေးမြီ ၂၆ ရာခိုင်နှုန်းအထက်ကို လျော့ချနိုင်ခဲ့သည်။

တရုတ်ချေးငွေအများစုမှာ အတိုးနှုန်းပျမ်းမျ ၄ ရာခိုင်နှုန်းနှင့် အထက် ဖြစ်ပြီး တခြားချေးငွေအတိုးနှုန်းထက် သိသိသာသာ များပြားနေသည်။

မြန်မာ၏ နိုင်ငံတကာကြွေးမြီ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၁.၃ ဘီလီယံကျော် ရှိနေရာ၊ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်တွင် တိုး/ ရင်းပေါင်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ပြန်ဆပ်ရမည့် အခြေအနေ ဖြစ်သည်။

တရုတ်ချေးငွေသည် အတိုးနှုန်းမြင့်မားပြီး ချေးငွေသက်တမ်းတိုမှုကြောင့် NLD အစိုးရ သက်တမ်းအတွင်း အခြားနိုင်ငံ/ အဖွဲ့အစည်းများထံကသာ ပို၍ ချေးယူခဲ့သည်။

NLD အစိုးရသက်တမ်းအတွင်း အမေရိကန်ဒေါ်လာ ၁.၂၅၅ ဘီလီယံကျော် ချေးငွေ ရယူခဲ့ပြီး၊ နိုင်ငံခြားချေးငွေ ပမာဏကို သိသာထင်ရှားစွာ လျော့ချနိုင်ခဲ့သော်လည်း၊ လက်ရှိအချိန်အထိ မြန်မာနိုင်ငံသည် တရုတ်၏ ကြွေးမြီထောင်ချောက်အနီးတွင် ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။

Covid-19 ကပ်ရောဂါအခြေအနေ၊ စီးပွားရေးကျဆင်းမှု၊ စစ်တပ်အာဏာသိမ်းယူမှုနှင့် ငွေကြေးဖောင်းပွမှု အခြေအနေတို့အရ ကြွေးမြီမှာ တဖြေးဖြေးတိုးလာနေသည်။ စစ်ကောင်စီ အာဏာလုယူမှု ဖြစ်ပွားပြီး နောက်ပိုင်း နိုင်ငံ၏ စီးပွားရေးကျဆင်းမှု၊ ငွေကြေးမတည်ငြိမ်မှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မရှိသည့် အခြေအနေများက တရုတ်ထံ‌မှ ချေးငွေ ထပ်မံချေးယူရန် တွန်းပို့နေသည်။

ယခင် အစိုးရအဆက်ဆက် တရုတ်ထံမှ မဆင်မခြင် အတိုးနှုန်းများဖြင့် ချေးငွေရယူမှုတို့ကြောင့် ပျမ်းမျ မြန်မာနိုင်ငံသားတစ်ဦးလျှင် ကျပ် ၁ သိန်းကျော် တရုတ်ထံ အကြွေးတင်နေသည်ဟု အစီရင်ခံစာများက ဖော်ပြနေသည်။၊

အဂတိဖြင့် စီမံကိန်းအကြောင်းပြကာ အဆင်ခြင်မဲ့ ချေးငွေရယူပြီး ပြည်သူများအား လက်တွေ့ အကျိုးမရှိနိုင်သည့် စီမံကိန်းများကို အကောင်အထည်ဖော်ခြင်း များသည် တချိန်တွင် အဆိုပါ နိုင်ငံပိုင် စီမံကိန်းများနှင့် သယံဇာတများအား တရုတ်ထံ ထိုးအပ်ရမည့် အခြေအနေသို့ တွန်းပို့စေမည်သာ ဖြစ်သည်။

ထို့ကြောင့် အာဖရိကနိုင်ငံအချို့ အပါအဝင် သီရိလင်္ကာနှင့် လာအိုနိုင်ငံတို့၏ တရုတ်ကြွေးမြီ ထောင်ခြောက်အတွင်း သက်ဆင်းခဲ့ရပုံများသည် တရုတ်၏ အနီးဆုံးနေရာတွင် တည်ရှိနေသော မြန်မာနိုင်ငံအား အချက်ပေးခေါင်းလောင်း ထိုးလိုက်သည့်သဖွယ်သာ ဖြစ်နေစေတော့သည်။
==========
(ယခုဆောင်းပါး၏ ပထမပိုင်းဖြစ်သော “တရုတ်ကြွေးမြီထောင်ချောက်နှင့် မြန်မာ” ကို ဖတ်ရှုလိုပါက အောက်ဖော်ပြပါ လင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
https://www.facebook.com/385165108587508/posts/1425798237857518/?d=n

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article