27 C
Yangon

တရုတ်ကြွေးမြီထောင်ချောက်နှင့် မြန်မာ

Must read

By လမ်းသစ်

တရုတ်နိုင်ငံ၏ စီးပွားရေးကြီးထွားလာမှုနှင့်အတူ ၎င်း၏ စီးပွားရေးလက်တံကို ပိုမိုချဲ့ထွင်လာနေသည်မှာ ဆယ်စုနှစ် နှစ်ခုနီးပါး ရှိတော့မည် ဖြစ်သည်။ အထူးသဖြင့် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ Belt Road Initiative (BRI) စီမံကိန်းကို နိုင်ငံအများအပြားတွင် အကောင်အထည်ဖော်နေသည်။သို့သော်လည်း အဆိုပါ စီမံကိန်းများတည်ဆောက်ရာတွင် အရေးပါသော နိုင်ငံအများစုသည် တရုတ်ကြွေးမြီအောက်တွင် ရောက်ရှိနေသည်။AidData အစီရင်ခံစာအရ တရုတ်နိုင်ငံသည် ၁၈ နှစ်တာကာလအတွင်း နိုင်ငံပေါင်း ၁၆၅ နိုင်ငံကို အခြေခံအဆောက်အအုံ တည်ဆောက်ရန် စီမံကိန်းပေါင်း ၁၃,၄၂၇ ခုအတွက် အမေရိကန် ဒေါ်လာ ၈၄၃ ဘီလီယံတန်ဖိုးရှိသော ငွေကြေးပေးအပ်ခြင်း သို့မဟုတ် ချေးငှားခဲ့သည် ဟုဆိုသည်။အဆိုပါ စီမံကိန်းအများစုသည် တရုတ်ရည်မှန်းချက် ဖြစ်သော Belt Road Initiative စီမံကိန်းနှင့် ဆက်စပ်သော လုပ်ငန်းများကို ချေးငှားခြင်း၊ ပေးအပ်ခြင်းများ ဖြစ်သော်လည်း အဆိုပါနိုင်ငံအများစုမှာ တရုတ်ကို အကြွေးပိုတင်လာနေသည်။ဝင်ငွေနည်းသော နိုင်ငံပေါင်း ၄၀ ကျော်သည် တရုတ်နိုင်ငံ အစိုးရ၊ အစိုးရထိန်းချုပ်ဘဏ် (သို့) လုပ်ငန်းများထံမှ ချေးငွေရယူထားကြကာ အဆိုပါ ကြွေးမြီမှာ ၎င်းတို့၏ နှစ်စဉ်စီးပွားရေးတိုးတက်မှုနှုန်း GDP ၏ ၁၀ ရာခိုင်နှုန်း ကျော်ရှိကြောင်း AidData က ဆိုသည်။ဇမ်ဘီယာနိုင်ငံ၊ လာအိုနိုင်ငံ၊ ဂျီဘူတီ(Djibouti )နိုင်ငံနှင့် ကာဂျစ်စတန် နိုင်ငံတို့သည် တရုတ်နိုင်ငံထံသို့ ၎င်းတို့၏ နှစ်စဉ် GDP ၏ အနည်းဆုံး ၂၀ ရာခိုင်နှုန်းနှင့်ညီမျှသော အကြွေးများရှိနေသည်။သတင်းများအရ မြန်မာအပါအဝင် ကွန်ဂိုနိုင်ငံ၊ သီရီလင်္ကာနိုင်ငံ၊ ပါကေစ္စတန်၊ ယူဂဒါနိုင်ငံ၊ ပါပူဝါနယူးဂီနီ၊ မော်လဒိုက်နိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံ စသည့်နိုင်ငံပေါင်း ၄၀ ကျော်မှာ တရုတ်ကြွေးမြီထောင်ချောက်ထဲသို့ တိုးဝင်နေသည်။
တရုတ်ချေးငွေ ဆိုတာ ဘာလဲ
================
တရုတ်နိုင်ငံသည် စီးပွားရေး တိုးတက်လာမှုနှင့်အတူ ငွေကြေးကြွယ်ဝ ချမ်းသာလာပြီးနောက်ပိုင်း ကမ္ဘာတဝှမ်းရှိ ဖွံဖြိုးဆဲနိုင်ငံများကို လုပ်ငန်းတည်ဆောက်ပေးခြင်း၊ ချေးငွေပေးခြင်း တို့ကို လုပ်ဆောင်လာသည်။တရုတ်ချေးငွေအများစုသည် အတိုးနှုန်း ၄ ရာခိုင်နှုန်းနှင့်အထက်တွင် ရှိပြီး နိုင်ငံတကာ အဖွဲ့အစည်းများ၊ အခြားနိုင်ငံများ၏ချေးငွေ အတိုးနှုန်းများထက် လေးဆခန့် ပိုများသည်ကို တွေ့ရသည်။ချေးငွေသက်တမ်းမှာလည်း အများအားဖြင့် ၁၀ နှစ် ဝင်းကျင်သာရှိပြီး အခြားငွေကြေးအဖွဲ့အစည်းများ၊ နိုင်ငံများ၏ ချေးငွေသက်တမ်းနှင့် နှိုင်းယဥ်လျှင် အတိုးနှုန်းများပြီး သက်တမ်းတိုတောင်းလွန်းသည်ကို တွေ့နိုင်သည်။တရုတ်နိုင်ငံ၏ ဖွံဖြိုးရေးချေးငွေအများစုသည် နိုင်ငံတခု၏ ပိုင်ဆိုင်မှုကို ထိန်းချုပ်သည့် ပုံစံဖြင့် ထုတ်ချေးထားသည်။ဖွံဖြိုးဆဲနိုင်ငံများကို ချေးသည့်အတွက် Risk နည်းစေရန်အတွက် ချေးယူသည့်နိုင်ငံများထံ သံယာဇာတအရင်းအမြစ်(သို့) နိုင်ငံခြားငွေကြေး ရယူသည့် ငွေကြေးစီးဆင်းမှုကို တရုတ်ထိန်းချုပ်သော ဘဏ်များမှတဆင့် လုပ်ဆောင်စေသည့်အချက်များ ပါဝင်လေ့ရှိသည့်အပြင် အချက်အလက် အများစုကိုလည်း လျှိုဝှတ်ထားရန် ကန့်သတ်ချက်များကိုလည်း ပြုလုပ်လေ့ရှိသည်။’ဝှက်ထားသောကြွေးမြီ’ စာရင်းအရ ဆင်းရဲသော၊ ဖွံဖြိုးဆဲနိုင်ငံများသည် တရုတ်နိုင်ငံကို ပေးဆပ်ရန် အမေရိကန် ဒေါ်လာ ၃၈၅ ဘီလီယံရှိကြောင်း လေ့လာမှုအစီရင်ခံစာက ဆိုသည်။တရုတ်ချေးငွေအများစုသည် ငွေချည်းသပ်သပ် မလာပဲ တရုတ်စီးပွားရေးလုပ်ငန်းများ၊ ဆောက်လုပ်ရေးကုမ္ပဏီများနှင့် ပို့ကုန်ပစ္စည်းများပါ တွဲ၍ ပါဝင်လာသည်။နိုင်ငံတခုသည် စီမံကိန်းအတွက် ချေးငွေတခု ချေးယူပါက ချေးငွေအပြင်၊ တရုတ်ဘဏ်နှင့် ငွေကြေးကဏ္ဍ၊ တရုတ်တည်ဆောက်ရေးကုမ္ပဏီများ၊ တရုတ်လုပ်သားများနှင့် တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းများအပြင် တရုတ်အစိုးရ၏ ဩဇာလွမ်းမိုးမှုတို့ကိုပါ လက်ခံနေရသည်။အခြားတဖက်တွင်လည်း တရုတ်ချေးငွေ ရယူထားသော နိုင်ငံအများစုတွင် တရုတ်ကုန်စည်တင်သွင်းမှု ပိုမိုများပြားလာနေသည်။ယခုအခါ တရုတ်ချေးငွေများသည် တရုတ်၏ ဩဇာလွမ်းမိုးရန် ဆောင်ရွက်နေသော BRI စီမံကိန်းအောက်တွင် ပါဝင်နေရပြီး အဆိုပါ စီမံကိန်း ၃ ပုံ ၁ ပုံမှာ အကောင်အထည်ဖော်ရာတွင် ပြသာနာများ ရှိနေကြောင်း ဆိုထားကြသည်။
တရုတ်ကြွေးမြီထောင်ချောက်
=============
တရုတ် ချေးငွေများ၏ နောက်ကွယ်တွင် အန္တရယ်အများဆုံးဟု ဆိုနိုင်သောဆုံးအချက်မှာ ချေးငွေများ ပြန်ဆပ်ရန် ပျက်ကွက်ခဲ့သော် အဆိုပါစီမံကိန်း၏ ထိမ်းချုပ်မှုအဝဝကို ပေးအပ်ရမည့် အချက်ပင်ဖြစ်သည်။ဆင်းရဲပြီး ဖွံဖြိုးဆဲနိုင်ငံများကို ချေးသော တရုတ်ချေးငွေအများစုသည် လျှို့ဝှတ်စွာ ချုပ်ဆိုထားကြပြီး မည်သည့်အချက်များ ပါရှိသည်ကို ထုက်ဖော်ပြောဆိုရန် ကန့်သတ်ခံထားရသည်။သို့သော်လည်း စီမံကိန်းများ၏ ရှယ်ယာပိုင်ဆိုင်ခွင့်၊ လုပ်ပိုင်ခွင့်၊ နိုင်ငံ၏ သယံဇာတများကို ဝယ်ယူခွင့်၊ စီမံခန့်ခွဲခွင့်များ ပါဝင်နေသည် ဟု အကြမ်းအားဖြင့် ဆိုနိုင်သည်။ဥပမာအားဖြင့် ယူဂန်ဒါအစိုးရသည် တရုတ်ထံမှ ရယူထားသော ချေးငွေများ အချိန်မှီပြန်ဆပ်ရန် ပျက်ကွက်မှုကြောင့် ၄င်း၏အရေးပါလှသည့် အင်တက်ဘီ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို တရုတ်နိုင်ငံသို့ ပေးအပ်ရတော့မည် ဖြစ်ကြောင်း အာဖရိကမီဒီယာများက ပြီးခဲ့သည့်လပိုင်းအတွင်း ဖော်ပြခဲ့ကြသည်။အခြားအထင်ရှားဆုံးသော သာဓကတစ်ခု မှာ ၂၀၁၇ ခုနှစ်က သီရီလင်္ကာနိုင်ငံရှိ Hambantota ဆိပ်ကမ်းစီမံကိန်းကို ပေးအပ်လိုက်ရသည့် အချက်ဖြစ်သည်။သီရိလင်္ကာနိုင်ငံသည် နိုင်ငံဖွံဖြိုးတိုးတက်ရေး စီမံကိန်းများ တည်‌ဆောက်ရန်အတွက် ရည်ရွယ်ကာ ဆယ်စုနှစ်အတွင်း တရုတ်ထံမှ ဒေါ်လာ ၅ ဘီလီယံကျော်ရယူခဲ့ရာ အိန္ဒိယသမုဒ္ဒရာအတွင်း အချက်အခြာကျသော ဆိပ်ကမ်းနိုင်ငံဖြစ်လာရန် ရည်ရွယ်သည့် စီမံကိန်းလည်း ပါဝင်သည်။အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံကို တရုတ်ထံမှ ချေးယူပြီး အဆိုပါ ဆိပ်ကမ်းကို တည်ဆောက်ခဲ့ကာ ၂၀၁၀ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော်လည်း အရှုံးပြနေပြီး အကြွေးပြန်မဆပ်နိုင်သည့် အခြေအနေဖြစ်လာသည်။ထိုကြောင့် ၂၀၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံ တန်ဖိုးရှိသော ရှယ်ယာ ၇၇ ရာခိုင်နှုန်းကို တရုတ်အစိုးရ လက်အောက်ခံကုမ္ပဏီကို ပေးလိုက်ရသည့်အပြင် ၉၉ နှစ် သက်တမ်းရှိသော လုပ်ပိုင်ခွင့်ပါ ခွင့်ပြုလိုက်ရသည်။ဒါအပြင် Hambantota ဆိပ်ကမ်းအနီးတွင် ဧက ၁,၅၀၀ ခန့်ကျယ်သည့် စက်မှုဇုန်တည်ဆောက်ရန်နှင့် တရုတ်ရေတပ်ဆိပ်ခံနေရာအဖြစ် အသုံးချရန်ပါ ကမ်းလှမ်းခံထားရသည် ဟု ဆိုသည်။လက်ရှိ သီရိလင်္ကာနိုင်ငံသည် တရုတ်ကို ကြွေးမြီ အမေရိကန်ဒေါ်လာ ၅ ဘီလီယံခန့် ပေးဆပ်ရတော့မည့် အခြေအနေ ရောက်ရှိနေသည့်အတွက် ကြွေးမြီများ ပေးဆပ်မှုကို ပြန်လည်ပြင်ဆင်နိုင်ရေး တရုတ်က ကူညီပေးရန် သီရီလင်္ကာသမ္မတက ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် တောင်းဆိုခဲ့ရသည်။ထို့အပြင် သီရီလင်္ကာနိုင်ငံသည် တရုတ်သွင်းကုန်ကို အများဆုံး ဝယ်ယူသွင်းယူသည့် နိုင်ငံဖြစ်လာပြီး ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံဖိုး တင်သွင်းရသည့် အခြေအနေ ဖြစ်လာခဲ့သည်။(ဆက်ပါမည်)။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article