ရန်ကုန်၊ ဧပြီ ၁၆
မြန်မာစစ်တပ်၏ ရွေးကောက်ပွဲကို ငြင်းပယ်ရန်၊ ဖက်ဒရယ် ဦးဆောင်ကောင်စီနှင့် ထိတွေ့ဆက်ဆံရန်နှင့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ရန် အမေရိကန်ကို အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက တရားဝင်တောင်းဆိုသည်။
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီတွင် ပြုလုပ်သည့် မြန်မာ့အရေး ကွန်ဂရက်လွှတ်တော်ဆိုင်ရာ ဆွေးနွေးပွဲသို့ ပေးပို့သော အဖွင့်မိန့်ခွန်းတွင် NUG ဝန်ကြီးချုပ်က ယင်းသို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မြန်မာစစ်တပ်၏ ဟန်ပြရွေးကောက်ပွဲကို ငြင်းပယ်ရန်နှင့် အသစ်ဖွဲ့စည်းလိုက်သော ဖက်ဒရယ်ဦးဆောင်ကောင်စီနှင့် ထိတွေ့ဆက်ဆံပြီး မြန်မာပြည်သူများဘက်မှ မဟာဗျူဟာမြောက် ရပ်တည်ပေးရန် အမေရိကန်ကွန်ဂရက်လွှတ်တော်သို့ တိုက်တွန်းတောင်းဆိုလိုက်သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ပြုလုပ်သည့် ရွေးကောက်ပွဲသည် တည်ငြိမ်မှုဆီသို့ ဦးတည်သည့် ခြေလှမ်းမဟုတ်ဘဲ မရှိသော တရားဝင်မှုကို အတင်းအဓမ္မ ဖန်တီးယူရန် ကြိုးပမ်းမှုသာဖြစ်ကြောင်း ဝန်ကြီးချုပ်က ထောက် ပြသည်။
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှာ တည်ငြိမ်မှုမရှိဘဲ “နိုင်ငံတော်ကျရှုံးမှု” (State Failure) အဆင့်သို့ ရောက်ရှိနေပြီး ယင်းသည် အမေရိကန်၏ အမျိုးသားအကျိုးစီးပွားနှင့် အင်ဒို-ပစိဖိတ်ဒေသ၏ လွတ်လပ်ပွင့်လင်းမှုကိုပါ ခြိမ်းခြောက်နေသည်ဟု ဆိုသည်။
၅ နှစ်ကျော်ကာလအတွင်း မြန်မာစစ်တပ်သည် နိုင်ငံကို အုပ်ချုပ်ရန် သို့မဟုတ် ယုံကြည်စိတ်ချရသော မိတ်ဖက်အဖြစ် ဆောင် ရွက်ရန် မတတ်စွမ်းနိုင်ကြောင်း သက်သေပြခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းတို့သည် နိုင်ငံကို စီးပွားရေးပြိုလဲမှုနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဘေးအန္တရာယ်များဆီသို့သာ တွန်းပို့ခဲ့ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။
စစ်တပ်၏ ရွေးကောက်ပွဲသည် နိုင်ငံကို စည်းလုံးစေမည်မဟုတ်သလို ငြိမ်းချမ်းရေးကိုလည်း ဆောင်ကြဉ်းပေးနိုင်မည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
စစ်အုပ်ချုပ်ရေး၏ အခြားရွေးချယ်စရာလမ်းကြောင်းအဖြစ် NUG၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဒီမိုကရေစီအင်အားစုများ ပူးပေါင်းကာ မတ်လ ၃၀ ရက်နေ့တွင် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ” (Steering Council for the Emergence of a Federal Democratic Union) ကို ဖွဲ့စည်းခဲ့ကြောင်း၊ ယင်းသည် လက်တွေ့ကျပြီး ပိုမိုဟန်ချက်ညီသော ရှေ့ဆက်ရမည့်လမ်းကြောင်းဖြစ်ကြောင်း အမေရိကန်ကွန်ဂရက်သို့ ရှင်းလင်းပြောဆိုသည်။
NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အမေရိကန်ကွန်ဂရက်လွှတ်တော်အနေဖြင့် စစ်တပ်၏ ရွေးကောက်ပွဲမှရရှိမည့် တရားဝင်မှုကို အပြတ်အသတ် ပယ်ချရန်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အသစ်ဖွဲ့စည်းလိုက်သော ဦးဆောင်ကောင်စီတို့နှင့် ထိတွေ့ဆက်ဆံမှုကို ပိုမိုတိုးမြှင့်ရန်၊ အမေရိကန်၏ မူဝါဒကို မြေပြင်အရှိတရားနှင့်အညီ ညှိယူပြီး မြန်မာနိုင်ငံ၏ အနာဂတ်ကို ပြည်သူလူထုကသာ ဆုံးဖြတ်မည့်အပေါ် ယုံကြည်ရပ်တည်ရန် တောင်းဆိုထားသည်။
“မြန်မာပြည်သူများသည် ဒီမိုကရေစီကို လက်လျှော့ခြင်း မရှိကြပါ။ အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာပြည်သူများဘက်မှ မူဝါဒအရသာမက မဟာဗျူဟာမြောက်စွာ ရပ်တည်ပေးပါရန် ကျွန်ုပ်တို့ တောင်းဆိုပါတယ်” ဟု ဝန်ကြီးချုပ်က ပြောဆိုသည်။




