ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ဆားမလောက်အုပ်စု ညောင်ပင်သာရွာမှ ပရဟိတသမား ကိုအောင်နိုင်ဦးကို ယမန်နေ့ည ၁၁ နာရီအချိန် စစ်အင်အား ၂၀ ကျော်ဖြင့် အိမ်ကို ၀ိုင်းကာ ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်သဖြင့် ယနေ့ ဆေးရုံတင်ထားရကြောင်း သိရှိရသည်။
ကိုအောင်နိုင်ဦးသည် လျှပ်စစ်မီတာမဆောင်ရန် လှုံ့ဆော်သည်ဟုဆိုကာ စစ်ကောင်စီခန့် ကျေးရွာ အုပ်ချုပ်ရေးမှူး ကျော်ရွှေဦးက ကျော်စွာနှင့်ဟန်ငြိမ်းဦး တယ်လီဂရမ်များသို့ သတင်းပေးပို့ တိုင်ကြားခဲ့ကြောင်း၊ ယင်းနောက် ယမန်နေ့ည ၁၁ နာရီတွင် စစ်တပ်က အင်အားဖြင့် ၀ိုင်းဝန်း ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
“ညောင်ပင်သာရွာ စကစခန့် အုပ်ချုပ်ရေးမူး ဒလန် ကျော်ရွှေဦး က ဟန်ငြိမ်ဦးနဲ့ ကျော်စွာ တယ်လီဂရမ်ကို တိုင်တယ်ပြောတယ်။ ပြည်သူတွေ မီတာမဆောင်ဖို့ နှိုးဆော်တယ်ဆိုပြီး ပထမတစ်ခါလည်း တိုင်တယ်။ ကိုအောင်နိုင်ဦးကို ထောင် ကျစေရမယ်လို့ ကျော်ရွှေဦးက ကြိမ်းဝါးထားတယ်။ အခု ကိုအောင်နိုင်ဦးက မင်္ဂလာဆေးရုံ ရောက်နေပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်တပ်က ဖမ်းဆီးနှိပ်စက် ညှဉ်းပန်းမှုကြောင့် ကိုအောင်နိုင်ဦး ကွယ်လွန်သွားပြီဆိုသော သတင်းများ ထွက်ပေါ်နေသော်လည်း ရန်ကုန်ခေတ်သစ်အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။