ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀
စစ်ကိုင်းတိုင်း ကနီမြို့နယ် ချိုင်/ဒင်ပေါက်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၁၁နာရီခန့်တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ကိုဇော်ခိုင်ဝင်းကို အကြောင်းမဲ့ ပစ်သတ်သွားကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ချိုင်/ဒင်ပေါက်ကျေးရွာကို ချင်းတွင်းမြစ် အရှေ့ဘက်ကမ်း ရေဘုတလင် ကျေးရွာမှ ရောက်ရှိ လာခြင်းဖြစ်ကြောင်း သိရသည်။
” ရွာသားတွေက စစ်ကောင်စီ တပ်သားတွေ ချင်းတွင်းမြစ်ကို ဖြတ်ကူးလာချိန်ကတည်းက ရုပ်ရုပ်သဲသဲထွက်းပြေးနေကြပြီး သူတို့ရောက်ရှိ လာချိန်မှာ ထွက်ပြေးဖို့ နောက်ဆုံးကျန်ခဲ့တဲ့ ကိုဇော်ခိုင်ဝင်းက ဆိုင်ကယ်စီးပြီး ထွက်ပြေးနေတုန်း ပစ်သတ်ခံလိုက်ရတာ နောက်ကြောကို ကျည်ထိမှန်ပြီး ဆုံးသွားတယ်” ဟု ဒေသခံ သတင်းရင်းမြစ်ဖြစ်သော ကနီသားများ၏ ရင်တွင်းအသံ အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
စစ်တပ် ပစ်သတ်ခဲ့သော ကိုဇော်ခိုင်းဝင်း ရုပ်အလောင်းကို စစ်ကောင်စီ တပ်ဖွဲ့များ ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာချိန်၌ ဒေသခံ ပြည်သူများက ကောက်ယူနိုင်ခဲ့ပြီး စစ်ကောင်စီ တပ်သားများသည် ချိုင်ဘုန်းတော်ကြီး ကျောင်းတွင် တစ်ရက်တာ စခန်းချ တပ်ဆွဲခဲ့ပြီး ချိုင်ကျေးရွာအတွင်းက ဈေးဆိုင်များ အိမ်တွေများနှင့် အောင်သရဖူ စာသင်ဝိုင်း နေအိမ်ရှိ ပစ္စည်းများကို ဖောက်ထွင်း ယူဆောင်သွားကြောင်း သိရသည်။