29 C
Yangon

သံတွဲတွင် ဒေါ်စန္ဒာဝင်း၊ ဒေါ်စန်းချိုသိုက်နှင့် ဒေါ်ငြိမ်းအိဖြိုးကျော်တို့ကို PDF၊ NUG နှင့်ဆက်သွယ် ငွေကြေးထောက်ပံ့သည်ဆိုသော သက်သေမပြနိုင်ဘဲ အလုပ်ကြမ်းနှင့်ထောင် ၁၀ နှစ်ချမှတ်

Must read

ရန်ကုန်၊ မတ် ၃၁


ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် အကြမ်းဖက်စစ်ကောင်စီက အမျိုးသမီးသုံးဦးကို မတရားဖမ်းဆီးပြီး အကြမ်း ဖက်ဥပဒေပုဒ်မဖြင့် အမှုတပ်တရားစွဲဆိုခဲ့သော် လည်း ထင်ရှားသည့်သက်သေအထောက်အထားတစ်စုံတရာမပြနိုင်ဘဲ ယနေ့တွင် တရားရုံးက အဆိုပါအမျိုးသမီး ၃ ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့ကြောင်း သိရှိရသည်။

ဖမ်းဆီးထောင်ချခံခဲ့ရသည့် ဒေါ်စန္ဒာဝင်း၊ ဒေါ်စန်းချိုသိုက်နဲ့ ဒေါ်ငြိမ်းအိဖြိုးကျော် တို့၏အမှုကို တရားလိုသက်သေ၊ တရားခံသက် သေများအား အမှုစစ် ဆေးပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ အမျိုးသားညီညွတ်ရေးအစိုးရ ( NUG)တို့ကို ဆက်သွယ်ငွေကြေးထောက်ပံ့ကြောင်း သက်သေတစ်စုံ တစ်ရာ မပြနိုင်ဘဲ မတရားသဖြင့် နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့ဖြစ်ကြောင်း သံတွဲရှေ့နေအသိုင်းအဝိုင်းက ပြောဆိုသည်။

“စွပ်စွဲခံရတဲ့ အမျိုးသမီးတွေဟာ သူတို့စွပ်စွဲတဲ့ PDFတွေ၊ NUG တွေနဲ့ ဆက်သွယ်တယ်ဆိုတဲ့ သက်သေဘာတစ်ခုမှ မရှိ ဘူး။ အဲတော့ အကြမ်းဖက်ဥပဒေကို ကျူးလွန်တာ မရှိဘူးပေါ့။ ဒါပေမဲ့ အခုက ပေါ်လစီအမှုဆိုတော့ ပြစ်ဒဏ်ဆိုတာက သူတို့ပါးစပ်ထဲမှာပဲ။ တရားမျှတမှုဆိုတာ အစကတည်းက မရှိတာလို့ ပြောရမှာပေါ့” ဟု ရှေ့နေတစ်ဦးက ပြောသည်။

အဆိုပါ အမျိုးသမီးသုံးဦးကို သံတွဲမြို့ ရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်စိုးက တရားလိုပြုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

သံတွဲမြို့တွင် နိုင်ငံရေးအမှုဖြင့် ဖမ်းဆီးထောင်ချခံနေရသူများသည် ပြစ်မှုကြီးကြီးမားမားလုပ်ထားခြင်းမရှိဘဲ ရဲတပ်ဖွဲ့က တမင်ဖမ်းဆီးနေကြောင်း ဒေသခံများက ဆိုကြသည်။

“မြပြင်ရပ်ကွက်က အဖမ်းခံရတဲ့တစ်ယောက်ဆိုရင် ၅၀၅(က)နဲ့ ဖမ်းဝရမ်းထုတ်တယ်။ နောက်တော့ အမှုကို ပိတ်လိုက်တယ်။ ဒါပေမဲ့ အဲဒီကောင်လေးက ဆိုင်ကယ်ပျောက်တဲ့အမှုကို ရဲစခန်းမှာ အမှုသွားဖွင့်တယ်။ အဲဒီမှာ ရဲနဲ့ပြဿနာတက်တော့ ရဲက ကြည့်မရတာနဲ့ အရင်အမှုဟောင်းနဲ့ ဖမ်းလိုက်တယ်။ သူ့ကိုဖမ်းတော့ တခြား ဖမ်းဝရမ်းထုတ်ထားတဲ့ သူတွေကိုလည်း လိုက်ဖမ်းပြီး ထောင်ချပစ်လိုက်တယ်” ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။

သံတွဲမြို့တွင် နိုင်ငံရေးအမှုဖြင့် ထောင်ချခံရသူ ငါးဦးရှိခဲ့ပြီး ယခု အမျိုးသမီးသုံးဦးကိုချမှတ်တဲ့ ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်မှာ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည်။

လက်ရှိတွင်လည်း စစ်ကောင်စီကိုဆန့်ကျင်မှုဖြင့် အမှုရင်ဆိုင်နေရသည့် ငါးဦးထက်မနည်းရှိကြောင်း ဒေသခံများက ပြောဆိုသည်။

“သံတွဲမြို့က အေးဆေးချမ်းချမ်းရှိတော့ ဒီမှာတာဝန်ကျတဲ့ ရဲဝန်ထမ်းတွေက ကံကောင်းတယ်။ ဟိုလူ့ဖမ်းငွေညစ်လိုက်၊ ဒီလူ့ဖမ်းငွေညစ်လိုက်နဲ့ ခေတ်ပျက်မှာ သံတွဲက ရဲတွေကတော့ ကောင်းစားနေကြတာ။ တခြားပြည်နယ်နဲ့တိုင်းတွေကို အပြောင်းခံရမှာလည်း ကြောက်ကြတယ်” ဟု သံတွဲမြို့ စစ်ကောင်စီနှင့်နီးစပ်သည့် သံတွဲဒေသခံတစ်ဦးက ဆိုသည်။

ဓာတ်ပုံ- တရားရုံးတွင် မတရားဖမ်းဆီးခံရသူ ဒေါ်စန္ဒာဝင်းကို မိသားစုဝင်များက တွေ့ဆုံနေကြစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article