ရန်ကုန်၊ မတ် ၄
ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်၊ သီလဝါဆိပ်ကမ်းနှင့်ပင်လယ်၀တွင် စစ်ကောင်စီအတွက် လေယာဉ်ဆီ သယ်ဆောင်မှုများ၊ ရေတပ်၏ လှုပ်ရှားမှုများ သတင်းများကို Khit Thit မီဒီယာထံသို့ ပေးပို့ ခြင်းမပြုကြရန် ကျောက်တန်းမြို့နယ် စစ်ကောင်စီက ယနေ့ အမိန့် ထုတ်ပြန်လိုက်သည်။
မတ်လ ၃ ရက်နေ့တွင် ကျောက်တန်းမြို့နယ် သီလဝါ-ကျောက်တန်းဒေသရှိ ကုမ္ပဏီများ၊ စက်ရုံများ ၊ ဆိပ်ကမ်းများမှ တာဝန်ရှိသူများကို ခေါ်ယူ၍ အစည်းအဝေး ကျင်းပပြုလုပ်ကြောင်း၊ ယင်းအစည်းအဝေးတွင် ဖေဖော်ဝါရီ ၂၇ ရက်နေ့ PUMA Energy Asia Sun မှ လေယာဉ်ဆီ Jet Fuel တင် ဆောင်လာသော ဆီသယ်ယာဉ် ၃ စီးကို တစ်စုံတစ်ယောက်က ဓာတ်ပုံရိုက်ယူပြီး Khit Thit Media သို့ ပေးပို့ခဲ့ကြောင်း၊ အဆိုပါ ဓာတ်ပုံရိုက်ကူးသူကို စစ်ကောင်စီက ဖမ်းဆီးမိခဲ့ပြီး စစ်းဆေးလျက်ရှိကြောင်း၊ ယင်းသို့ ပါဝင်ပတ်သက်သူကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃၁ (ဂ) ဖြင့် အမှုဖွင့်ပြီး ထောင်ဒဏ် ၁၄ ချမှတ်နိုင်ကြောင်း ကျောက်တန်းမြို့နယ်စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားည်။
သီလဝါဒေသရှိ ကုမ္ပဏီ ဝန်ထမ်းများအနေဖြင့် စစ်တပ်ယာဉ်တန်း လှုပ်ရှားမှုများ၊ ရေတပ်သင်္ဘောများ၏ လှုပ်ရှားမှု စစ်ဘက်ရေးရာ ကိစ္စရပ်များကို Khit Thit Media ထံသို့ ဓာတ်ပုံရိုက်ကူးပေးပို့ခြင်း၊လူမှုကွန်ရက်တွင် ဖြန့်ဝေခြင်း စသည်တို့ကို ဝန်ထမ်းများက ကျူးလွန်ခြင်း၊ ပါဝင်ပတ်သက်ခြင်း များ မရှိစေရေး ၊ တာဝန်ရှိသူအဆင့်ဆင့်က ထိန်းသိမ်းဆောင်ရွက်ရန် ညွှန်ကြားလာကြောင်း ကျောက်တန်းမြို့နယ် စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ဆိပ်ကမ်းများအနေဖြင့်လည်း ISPS Code ပါ ပြဋ္ဌာန်းချက်များ၊ DA ညွှန်ကြားချက်များအရ ဆိပ်ကမ်းစီမံခန့်ခွဲမှုအဖွဲ့၏ ခွင့်ပြုချက် မရှိဘဲ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးခြင်း မပြုရန် တားမြစ်ထားကြောင်း၊ ကုမ္ပဏီဝန်ထမ်းများကို အထက်ပါ ကိစ္စရပ်များ မဖြစ်ပေါ်စေရန်နှင့် မလိုလားအပ်သော ထိခိုက်နစ်နာမှုများ မရှိစေရေး ချမှတ်ထားသော လမ်းညွှန်ချက်များကို တိကျစွာ လိုက်နာကြရန် ကျောက်တန်းမြို့နယ် စစ်ကောင်စီက အမိန့်ထုတ်ပြန်သည်။