ရန်ကုန်၊ မတ် ၆
ကရင်နီပြည်နယ်ကို အင်အားအလွန်အကျွံအသုံးပြုကာ ထိုးစစ်ဆင်တိုက်ခိုက်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို မိုးဗြဲအခြေစိုက် ကယားအထူးဒေသ ၁ (ကယန်းအမျိုးသားကာကွယ်ရေးတပ် KNG) က လမ်းပြအဖြစ်ဆောင်ရွက်ပေးခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကို တိုက်ခိုက်နေခြင်းကြောင့် KNG နှင့် ပျူစောထီးများကို ဒဏ်ခတ်အရေးယူသွားမည်ဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF က သတင်းထုတ်ပြန်သည်။Kayan National Guard – KNG သည် ဖေဖေါ်ဝါရီလ ၁၅ ရက်တွင် စတင်သော အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ် စစ်ဆင်ရေးများတွင် နယ်မြေအနေအထား၊ ဒေသတွင်းအခြေအနေနှင့် စစ်ဆင်ရေးလမ်းကြောင်းများကို ဦးဆောင်လမ်းပြမှုပြုနေကြောင်း KNDF က ဆိုသည်။KNG အဖွဲ့သည် ၁၉၉၂ ခုနှစ်တွင် အကြမ်းဖက်စစ်တပ်နှင့် ငြိမ်းချမ်းရေးယူထားသည့်အဖွဲ့ဖြစ်ပြီး မိုးဗြဲမြို့ တနေရာတွင် ကယားအထူးဒေသ ၁ အဖြစ် တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားသည်။အလားတူ KNG ၏ ဦးဆောင်မှုဖြင့် အကြမ်းဖက်စစ်ကောင်စီက ပျူစောထီးများကို လက်နက်တပ်ဆင်ပေးပြီး အပြစ်မဲ့ပြည်သူများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို တိုက်ခိုက်နေသဖြင့် စစ်ဆင်ရေး လမ်းကြောင်းတလျှောက်ရှိ ကျေးရွာများမှ ကယန်းလူမျိုးများနှင့် ပြည်သူများ ဒုက္ခရောက်နေကြရသည်။ထိုသို့ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပူးပေါင်းဆောင်ရွက်နေသော ကယန်းအမျိုးသား ကာကွယ်ရေးတပ် (KNG)နှင့် ၄င်းတို့၏ အပေါင်းအပါ ပျူစောထီးအဖွဲ့များ၊ ဆက်စပ်ပတ်သက်သူများအားလုံးကို ထိရောက်စွာ ဒဏ်ခတ်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း KNDF က ထုတ်ပြန်ကြေညာသည်။