By လမ်းသစ်
အခုကာလမှာ ကျယ်ကျယ်လောင်လောင် ကြားနေရတဲ့အသံကတော့ စက်သုံးဆီဈေးနှုန်း မြင့်တက်လာမူနဲ့အတူ အခြေခံကုန်စည်ဈေးနှုန်းတွေ တရိပ်ရိပ်မြင့်တက်လာမူကြောင့် ညည်းတွားမူတွေပဲ ဖြစ်ပါတယ်။
လက်ရှိကာလ စက်သုံးဆီဈေးနှုန်းက တစ်လီတာကို ကျပ်နှစ်ထောင်ကျော်အထိ မြင့်တက်လာနေပါတယ်။ ပြီးခဲ.တဲ့ ၂၀၂၁နှစ်ဆန်းပိုင်းကာလမှာ စက်သုံးဆီတစ်လီတာကို ကျပ် ၄၅၀ကနေ ကျပ် ၇၅၀အတွင်းရှိခဲ့ပြီး တစ်နှစ်ကျော်ကာလမှာ အခုလိုစံချိန်တင်မြင့်တက် လာတာပဲဖြစ်ပါတယ်။
စက်သုံးဆီဈေးနှုန်း မြင့်တက်လာတာကြောင့် ကုန်စည်အပါအဝင် သယ်ယူပို့ဆောင်ရေးစရိတ်တွေလည်း မြင့်တက်လာနေတာလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်က စားအုန်းဆီ တစ်ပိသာကို ကျပ်နှစ်ထောင်လောက် ရှိခဲ့ရာကနေ အခုကျပ် ခုနှစ်ထောင်အထိ ဈေးတက်လာပါတယ်။ ကုန်ဈေးနှုန်း မြင့်တက်လာတာနဲ့အတူ ခါးပိုက်နှိုက်မူ၊ လုယက်မူတွေကလည်း ရန်ကုန်လိုနေရာမျိုးမှာတောင် နေ့ခင်းကြောင်တောင် ဖြစ်ပွားနေတာတွေ နေ့စဉ်ကြားနေရပါတယ်။
လတ်တလောဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်ကလည်း မြန်မာနိုင်ငံက လုံခြုံမူမရှိတော့တဲ့ အခြေအနေကို ညွှန်ပြနေပါတယ်။ မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မူညွန်းကိန်း (Global Terrorism Index) ရဲ့ အစီရင်ခံစာအရ အကြမ်းဖက်မူအများဆုံး ကမ္ဘာ့နိုင်ငံများစာရင်းမှာ ထိပ်ဆုံးဆယ်နိုင်ငံထဲ ပါဝင်နေတာ ဖြစ်ပါတယ်။ ၂၀၂၁ခုနှစ်အတွက် ထုတ်ပြန်တဲ့ အစီအရင်ခံစာအရ မြန်မာနိုင်ငံက အကြမ်းဖက်မူ အများဆုံး နိုင်ငံများစာရင်းမှာ နံပါတ်၉ နေရာရှိနေပါတယ်။
၂၀၂၁ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မူကြောင့် သေဆုံးသူ ငါးရာကျော်နဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့သူ သုံးရာကျော်ရှိတယ်လို့လည်း အစီအရင်ခံစာက ဆိုပါတယ်။ ဒီမိုကရေစီရွေးကောက်ခံ အမျိုးသားဒီမိုကရေစီ အစိုးရလက်ထက် ၂၀၂၀ခုနှစ်အတွင်းမှာတော့ အကြမ်းဖက်မူကြောင့် သေဆုံးသူ ၂၄ ဦးသာရှိခဲ့တာကြောင့် စစ်အာဏာသိမ်းပြီး တစ်နှစ်တာကာလမှာပဲ အဆ ၂၀ ကျော်မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေတွေအရ ၂၀၂၂ ခုနှစ်အတွင်းမှာ အကြမ်းဖက်မူကြောင့် ထိခိုက်သေဆုံးမူတွေ ပိုများပြားလာနိုင်တယ်လို့လည်း အစီရင်ခံစာက သုံးသပ်ထားပါတယ်။
အထက်ကဆိုခဲ့တဲ့ အကြောင်းအရာတွေအားလုံးက စစ်အာဏာသိမ်းမူကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေပဲ ဖြစ်ပြီး လူတန်းစားအသီးသီး အထူးသဖြင့် အခြေခံလူတန်းစားအလွာက ပိုမိုကြုံတွေ့ ခံစား နေကြရတာ ဖြစ်ပါတယ်။ ဒီအတိဒုက္ခတွေ လွတ်မြောက်နိုင်ဖို့ကတော့ ကိုယ်ကျိုးအတွက် ထိုင်ခုံလုထားတဲ့ စစ်အာဏာရှင်တွေ ပြုတ်ကျဖို့က အဓိကပါပဲ။
ဒါကြောင့်လည်း စစ်အာဏာစနစ်ပြုတ်ကျစေဖို့ ကျေးလက်မြို့ပြမကျန် ပြည်သူတွေက ရရာပုံစံနဲ့ ခုခံဆန့်ကျင်တော်လှန်နေကြတာပဲ ဖြစ်ပါတယ်။ အာဏာရှင်တွေကတော့ တိုင်းပြည်ချောက်ထဲကျ ဆုတ်ယုတ်နေတာတွေကို အမူမထားဘဲ၊ ပြည်သူ့ဆန္ဒကို အလေးမထားဘဲ အစွမ်းကုန်ရက်စက်မူ၊ ဖိနှိပ်မူတွေနဲ့ တော်လှန်ရေးကို တားဆီးဖို့ ကြိုးစားနေဆဲပါ။
အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မူတွေကို ကိန်းဂဏန်းတွေနဲ့ ခဏကြည့်ကြပါစို့။ အာဏာသိမ်းပြီးချိန်ကနေ ပြီးခဲ့တဲ့မတ်လအထိ လူနေအိမ်ပေါင်း အနည်းဆုံး ၆,၁၅၈ လုံးကို အကြမ်းဖက်စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရတဲ့ ပြည်သူအရေအတွက်က ၅၄၈,၁၅၄ ဦး ထက်မနည်းရှိပါတယ်။ တစ်နှစ်ကျော်ကာလအတွင်းမှာ ဖမ်းဆီးခံရသူဦးရေက ၁၀,၀၀၀ကျော်ရှိပါတယ်။
စစ်ကောင်စီရဲ့ ပစ်ခတ်မူနဲ့ ဖမ်းဆီးထားစဉ် သေဆုံးသူ အရေအတွက်က ၁,၃၅၈ ဦးအထက်ရှိပြီး တိုက်ပွဲတွေကြောင့် ၄၀၀ ဦးနဲ.အထက် သေဆုံးခဲ့ပါတယ်။ ဒါအပြင် စစ်အာဏာသိမ်း နောက်ဆက်တွဲ ဂယက်တွေကြောင့် အရပ်သား ၃,၅၀၀ ကျော် သေဆုံးခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒီကိန်းဂဏန်းတွေက နိုင်ငံရေးအကျည်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၊ ISP-Myanmar၊ Data for Myanmarနဲ့ ACLED တို့လို ပြည်တွင်းနဲ့ နိုင်ငံတကာ စောင့်ကြည့်အဖွဲ့အစည်းတွေက မှတ်တမ်းပြုစု ထားတာပါ။ ဒီအရေအတွက်တွေထက် မြေပြင်မှာ ပိုမိုများပြားနိုင်တယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ ဒါတွေကတော့ စစ်ကောင်စီရဲ့ တစ်နှစ်ကျော်ကာလအတွင်း အကြမ်းဖက်မူမှတ်တမ်း တွေလည်းဖြစ်ပါတယ်။
ပြည်သူတွေကြုံတွေ့နေကြတဲ့ မလုံခြုံမူတွေ၊ အခက်အခဲတွေ၊ အတိဒုက္ခတွေကို လွန်မြောက်နိုင်ဖို့ကတော့ စစ်အာဏာရှင်စနစ် ပြုတ်ကျမှ ဖြစ်တယ်ဆိုတာလည်း အထူးအထွေပြောနေစရာ မလိုအပ်တော့ပါဘူး။ ပြည်သူတွေရဲ့ ညီညွတ်မူအားနဲ့ အာဏာရှင်တွေကို ဆက်လက်တော်လှန် ဆန့်ကျင်ကြရမှာပဲ ဖြစ်ပါတယ်။ ကမ္ဘာကြီးက စောင့်ကြည့်ခဲ့ရတဲ့ မြန်မာပြည်သူတွေရဲ့ စည်းလုံးညီညွတ်မူ စိတ်ဓါတ်တွေနဲ့ အခက်အခဲတွေကျော်လွှားပြီး နွေဦးတော်လှန်ရေး အသီးအပွင့်တွေကို တက်လှမ်းခူးဆွတ်ကြရမှာပဲ ဖြစ်ပါတယ်။