25 C
Yangon

အကြမ်းဖက်စစ်ကောင်စီက ကရင်နီပြည်နယ်ကို တိုက်ခိုက်ကျဲချခဲ့သည့် FAB အမျိုးအစား ဗုံးကြီးကို ကရင်နီတပ်ဖွဲ့များ တူးဖော်ရှင်းလင်းသည့်မှတ်တမ်း (ရုပ်/သံ)

Must read

ရန်ကုန်၊ မတ် ၁၆

အကြမ်းဖက်စစ်ကောင်စီက ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာအတွင်းသို့ မတ်လ ၇ ရက်နေ့က တိုက်လေယာဉ်ဖြင့် တိုက်ခိုက်ကျဲချခဲ့သည့် လူခန္ဓာကိုယ်အရွယ် Fuel-Air Bomb ကို ကရင်နီတပ်မတော်နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ဝင်များက တူးဖော် ရှင်းလင်းနေသည့် မှတ်တမ်းဗီဒီယိုကို KNDF က ယနေ့ ထုတ်ပြန်သည်။

အဆိုပါ ဗုံးသည် ပေါက်ကွဲခြင်းမရှိခဲ့ဘဲ ဆောင်ဒူလာကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်းဝန်းအတွင်း မြေကြီးအနက် ၁၅ ပေခန့် စိုက်ဝင်နေခဲ့ခြင်းဖြစ်ကာ BackHoe (မြေတူးစက်) အသုံးပြု၍ တူးဖော်ခဲ့ရကြောင်း သိရှိရသည်။

အရှည် ၅ ပေ ကျော်ရှိသည့် အဆိုပါ ဗုံးကြီးသည် Fuel-Air Bomb အမျိုးအစား ဗုံးဖြစ်ကြောင်း၊ အလွန်ပေါက်ကွဲအားပြင်းထန်သည့် ဗုံးဖြစ်ကြောင်း စစ်ကောင်စီလေတပ်မှ ပြည်သူနှင့် ပူးပေါင်းလာသည့် CDM တပ်ကြပ်ကြီး ထက်နိုင်အောင်က ၎င်း၏လူမှုကွန်ရက်တွင် ရေးသားထားသည်။

“ဗုံးပေါက်ကွဲမှုကြောင့် အပူလှိုင်းတွေ ဖြစ်လာမယ်၊ ပေါက်ကွဲမှုကြောင့် လေဟာနယ်ဖြစ်သွားတဲ့ နေရာတွေမှာ လေထုဖိအားတွေဝင်လာမယ်၊ အဓိက ဗုံးခိုကျင်းတွေ ရှိတဲ့နေရာဆိုရင် အပူလှိုင်းက ပိုပြီးရိုက်ခတ်မှုပြင်းတယ်၊ ကိုယ်တွင်းသွေးယိုတာတွေ နား၊ နှာခေါင်းက သွေးယိုတာမျိုးတွေ ဖြစ်မယ်၊ လေဖိအားများလို့လည်း သေဆုံးနိုင်သလို ထွက်လာတဲ့ အပူလှိုင်းနဲ့လည်း သေဆုံးနိုင်ပါတယ်” ဟု တပ်ကြပ်ကြီး ထက်နိုင်အောင်က ရေးသားထားသည်။

အဆိုပါ FAB ဗုံးများသည် မီးလောင်ဗုံးအမျိုးအစားတခု ဖြစ်ကာ ပေါက်ကွဲမှုဖြစ်ပြီး ပတ်ပတ်လည်ရှိ အောက်စီဂျင်ကို ကူးစက်လောင်ကျွမ်းပြီး ပြင်းထန်သည့်ပေါက်ကွဲအားဖြစ်ပေါ်စေသည်။

အဆောက်အဦးများ၊ မြေပြင်ရှိ လူများ၊ မြေအောက်ရှိ မြေမြှုပ်မိုင်းများကို ရှင်းလင်းရာတွင် FAB ဗုံးများကို သုံးစွဲကြကြောင်း စစ်လက်နက်နှင့်ပတ်သက်သည့် အင်တာနက်စာမျက်နှာများတွင် ဖော်ပြသည်။

စစ်ကောင်စီတပ်များက ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ကရင်နီပြည်နယ်ရှိ ဘာသာရေးအဆောက်အဦး ၁၀ လုံး အပါအဝင် စာသင်ကျောင်းနှင့် နေအိမ်ပေါင်း ၇၀၀ နီးပါး မီးလောင်ပျက်စီးထားပြီဖြစ်ကြောင်း PKPF အဖွဲ့၏ စာရင်းပြုစုချက်အရ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article