28 C
Yangon

ဝက်လက် တောင်ကုန်းရွာ၊ ဒီပဲယင်း မရန်ကန်ရွာ၊ ပုလဲ ကိုင်းတွင်းကျေးရွာတို့ကို တပ်မ ၃၃ အပါအဝင် စစ်ကောင်စီတပ်များက မီးတင်ရှို့၊ သက်ကြီးရွယ်အို ၂ ဦး အရှင်လတ်လတ် မီးလောင်သေဆုံး

Must read

ရန်ကုန်၊ မတ် ၁၈

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ တောင်ကုန်းကျေးရွာကို မတ်လ ၁၇ ရက်နေ့ ညပိုင်းတွင် တပ်မ ၃၃ အပါအဝင် စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းပြီး ပြည်သူ့ နေအိမ် ၈၀ ကို မီးရှို့ ဖျက်ဆီးကာ သက်ကြီးရွယ်အိုတစ်ဦးလည်း မီးလောင်သေဆုံးကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

“မီးရှို့ခံရတာက တစ်ရွာလုံးနီးပါးပဲ။ လေးပုံပုံ တစ်ပုံလောက်ပဲ ကျန်တော့တယ်။ သက်ကြီးရွယ်အိုတစ်ဦးလည်း မီးထဲပါသွားတယ်။ ရွာက မွေးမြူရေးလည်း လုပ်ကြတယ်ဆိုတော့ ကျွဲတွေ နွားတွေ ဝက်တွေ ခြံတွေလိုက် မီးရှို့ခံရတယ်။ ခြံထဲမှာပဲ ကျွဲနွားဝက် အကုန်လုံးမီးလောင်ပြီး သေသွားတယ်” ဟုဒေသခံတစ်ဦးက ပြောကြားသည်။

လက်ရှိစာရင်းများအရ ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ တောင်ကုန်းကျေးရွာမှ အိမ်ခြေ ၁၅၀ ခန့် မီးလောင်သွားပြီး ကျွဲ၊ နွားနှင့် ဝက်ကောင်ရေ များစွာ မီးလောင် သေဆုံးသွားကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်များ မီးရှို့ပြီး ပြန်ထွက်သွားချိန် ရွာသားများ ပြန်လည် စစ်ဆေးကြည့်ရာတွင် စစ်ကောင်စီတပ်၏ အသုံးအဆောင်နှင့် အဝတ်အစားအချို့ကို တွေ့ရပြီး တပ်မ ၃၃မှ ဟု တွေ့ရကြောင်း၊ နေအိမ်မီးရှို့ခံရမှုကြောင့် ယာယီတဲများ၊ ဆေးဝါးများနှင့် ရိက္ခာများလည်း လိုအပ်နေကြောင်း ဒေသခံများ ထံမှ သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် မရကန်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ မတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် အသက် ၈၀ အရွယ် အဖိုးအို တစ်ဦးကို မီးရှို့သတ်ဖြတ်ကာ ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Voice Of Depeyinအဖွဲ့ ထံ မှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် တနယ်ကျေးရွာမှထွက်လာသော စစ်ကြောင်းဖြစ်ပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးကာ စစ်တပ် ရွာထဲဝင်လာသောကြောင့် ထွက်မပြေးနိုင်သည့် အသက် ၈၀ ကျော်အရွယ် အဘိုးတစ်ဦး မီးလောင်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ မတ်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန် စစ်ကိုင်းတိုင်း ၊ပုလဲမြို့နယ်၊ အင်မထိကျေးရွာမှပျူစောထီးနှင့်စစ်ကောင်စီတပ်များသည် ကိုင်းတွင်းကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးသွားကြောင်း၊ ကျေးရွာမှ ပြည်သူများ အလုံးအရင်းဖြင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article