25 C
Yangon

မင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်က ရိုဟင်ဂျာများကို လူမျိုးတုန်းသတ် ဖြတ်ပြီး စစ်ရာဇဝတ်မှုများကျူးလွန်ကြောင်း အမေရိကန်အစိုးရ ကြေညာ

Must read

ရန်ကုန်၊ မတ် ၂၁

မင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်က ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများကို လူမျိုးတုန်းသတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုများကျူးလွန်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ယနေ့ ကြေညာသည်။

မြန်မာစစ်တပ်သည် ရိုဟင်ဂျာလူနည်းစုများအပေါ် အကြမ်းဖက်မှုတွင် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို စနစ်ကျဖြင့် ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်သည်ဟု အမေရိကန်ပြည်ထောင်စုက တရားဝင် ဆုံးဖြတ်ခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်ကပြောဆိုသည်။

ဝါရှင်တန်ဒီစီရှိ US Holocaust Memorial Museum တွင် ပြောဆိုသော သူ၏ မိန့်ခွန်းတွင် ဦးခေါင်းကိုပစ်သတ်ခြင်း၊ အဓမ္မပြုကျင့်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းခံရသူများ၏ ဝမ်းနည်းကြေကွဲဖွယ်ရာမှတ်တမ်းများကို ဖတ်ကြားခဲ့သည်။

မြန်မာစစ်တပ်သည် သတ်ဖြတ်မှု၊ အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်မှုနှင့် မီးရှို့ဖျက်ဆီးခြင်းများကျူးလွန်ပြီး ရိုဟင်ဂျာ ၇၃၀,၀၀၀ ထက်မနည်းကို မြန်မာနိုင်ငံမှ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အတင်းအကျပ် နှင်လွှတ်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်က ရိုဟင်ဂျာများကို စစ်ဆင်ရေးကို စတင်ခဲ့ကြောင်း ၊ ၂၀၂၁ ခုနှစ်တွင် မြန်မာစစ်တပ်က စစ်အာဏာသိမ်းခဲ့ကြောင်း သိရှိရသည်။

“အာဏာသိမ်းပြီးကတည်းက စစ်တပ်က တူညီတဲ့ နည်းပရိယာယ် အများအပြားကို သုံးတာ တွေ့ခဲ့ရပါတယ်။ အခုမှပဲ စစ်တပ်က ဖိနှိပ်ချုပ်ချယ်တဲ့ အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ သို့မဟုတ် အားနည်းတယ်လို့ ယူဆတဲ့ မြန်မာနိုင်ငံမှာ ဘယ်သူ့ကိုမဆို ပစ်မှတ်ထား တိုက်ခိုက်နေတယ်” ဟု အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး က ဆိုသည်။

“အာဏာမသိမ်းခင်က ဒီလိုရက်စက်မှုတွေ မသိတဲ့သူတွေအတွက်တော့ စစ်အာဏာသိမ်းမှုကြောင့်‌ ပေါ်ပေါက်လာတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေက အာဏာရထားသရွေ့ မြန်မာနိုင်ငံမှာ ဘယ်သူမှ ရက်စက်ကြမ်းကြုတ်မှုတွေကနေ ကင်းဝေးမှာမဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိသာထင်ရှားစေပါတယ်” ဟု ၎င်းက ပြောကြားသည်။

ဓာတ်ပုံ- အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလကင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article