28 C
Yangon

အာဏာသိမ်းအပြီး စစ်တပ် ကျူးလွန်သော ရာဇဝတ်မှုများကို တူရကီနိုင်ငံတွင် တရားစွဲဆိုမည်ဖြစ်ပြီး မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်များကို ဖမ်းဆီးရန် နိုင်ငံတကာရဲတပ်ဖွဲ့ထံ ပန်ကြားမည်ဟု MAP က သတင်းထုတ်ပြန်

Must read

ရန်ကုန်၊ မတ် ၂၅

မြန်မာနိုင်ငံတွင် ယမန်နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ကျူးလွန်သော စစ်ရာဇ ဝတ်မှုများအတွက် တူရကီနိုင်ငံတွင် တရားစွဲဆိုနိုင်ရန် မတ်လ ၂၉ ရက်နေ့တွင် လျှောက်ထားမည်ဖြစ်ပြီး ရာဇဝတ်မှု ခေါင်းဆောင်များဖြစ်သည့် မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များ၏ စာရင်းကို တူရကီအာဏာပိုင်များနှင့်နိုင်ငံတကာရဲတပ်ဖွဲ့ထံပေးပို့ ၍ ဖမ်းဆီးနိုင်ရေး ပန်ကြားမည်ဖြစ်ကြောင်း လန်ဒန် အခြေစိုက် Myanmar Accountability Project (MAP) က သတင်းထုတ်ပြန်သည်။

လန်ဒန်အခြေစိုက် MAP အဖွဲ့က ပြည်သူများအပေါ် ညှဉ်းပန်းနှိပ်စက်မှုနှင့် ရာဇဝတ်မှုဆိုင်ရာ အထောက် အထားများနှင့်အမှုတင်သွင်းလျှောက်ထားမှုကို မတ်လ ၂၉ ရက်နေ့ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်ရှိ ရုံးတော်သို့ အမှုတင်သွင်းမည်ဖြစ်ကြောင်း သိရှိရသည်။

“ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတွင်းမှာ စစ်တပ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ် မှုတွေအတွက် မြန်မာနိုင်ငံအပြင်ဘက်တရားရုံးမှာ ဒါဟာ ပထမဆုံး တရားစွဲဆိုတာဖြစ်ပါတယ်” ဟု MAP ဒါရိုက်တာ Chris Gunness က ပြောဆိုသည်။

တရားစွဲဆိုမည့် အမှုများသည် ရေကြည်အိုင် စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်မှုများနှင့်ပတ်သက်ပြီး ညှဉ်ပန်းနှိပ်စက်မှုများအတွက် အဓိက တာဝန်ရှိသော မင်းအောင်လှိုင်အပါအဝင် စစ်ခေါင်းဆောင်များ၏ အမည်စာရင်းကို တူရကီအာဏာပိုင်များထံ ပေးပို့မည်ဖြစ်ပြီး နိုင်ငံတကာရဲတပ်ဖွဲ့ကိုလည်း မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များကို ဖမ်းဆီးပေးရန် ပန်ကြားမည်ဟု ၎င်းက ဆိုသည်။

အာဏာသိမ်းပြီးချိန်မှစ၍ စစ်တပ်က ပြည်သူများအပေါ် ညှဉ်းပန်းနှိပ်စက်မှုများကို စနစ်တကျ တွင်ကျယ်စွာ အသုံးပြုလာပြီး ယင်းအခြေအနေများက နိုင်ငံရာဇဝတ်မှုအဆင့်အထိ ရောက်ရှိလာခြင်းဖြစ်သည်။

အကြမ်းဖက်စစ်တပ်က ကလေး ၂၆ ဦးအပါအဝင် လူပေါင်း ၃၂၅ ဦးကို သေဆုံးသည်အထိ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာက ထောက်ပြထားသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာက မြန်မာစစ်တပ်သည် ပြည်သူများကို ညှဉ်းပန်းနှိပ်စက်ကြောင်း ကောက်ချက်ချထားသည်။

MAP ဥပဒေရေးရာ အကြံပေးအရာရှိချုပ် Gülden Sönmez က အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် တူရကီနိုင်ငံအတွက် အလားအလာ ကောင်းကြောင်း၊ တရားစွဲဆိုမှုသည် ခိုင်လုံကြောင်း၊ အထောက်အထားများကလည်း အလွန်ခိုင်လုံကြောင်း ပြောဆိုထားသည်။

“တူရကီမှာ စတင်တော့မယ် ဒီတရားစွဲဆိုမှုကနေ အာဏာသိမ်းစစ်ခေါင်းဆောင်တွေဆီ သတင်းစကားပါးချင်တာက မင်းတို့ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ယူရမယ့်အပြင် တရားဥပဒေကို ရင်ဆိုင်ရလမယ်ဆိုတာပါပဲ” ဟု MAP ဒါရိုက်တာ Gunness က ပြောသည်။

“ဥပဒေရဲ့ မှန်ကန်တဲ့ဘက်မှာ ရပ်တည်ဖို့ ခြေလှမ်းစပါ။ ညှဉ်းပန်းနှိပ်စက်မှုကို ရပ်လိုက်ပါ။ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ရပ်လိုက်ပါ။အောက်ခြေ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ မင်းတို့ရဲ့လုပ်ရပ်တွေကို စောင့်ကြည့်နေတယ်။ မင်းတို့ကျူးလွန်မှုတွေအတွက်လည်း မင်းတို့ တာဝန်ယူရလိမ့်မယ်” ဟု ၎င်းက ဆက်ပြောသည်။

တူရကီနိုင်ငံတွင်သာမက MAP အနေဖြင့် ပြင်သစ်နိုင်ငံနှင့် အရှေ့အာရှဒေသနိုင်ငံများတွင်လည်း မင်းအောင်လှိုင်နှင့်စစ်ခေါင်းဆောင်များကို တရားစွဲမည်ဖြစ်ကြောင်း သိရှိရသည်။

Photo Design Credit- Blood Money Campaign

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article