32 C
Yangon

လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ဗိုလ်မှူးချုပ်ကိုကိုဦး၊ ဗိုလ်ချုပ်ဇော်ဟိန်း တို့ အပါအဝင် လူပုဂ္ဂိုလ် ၈ ဦး၊ တပ်မ ၆၆ နှင့် ကုမ္ပဏီ ၅ ခုကို အမေရိကန်နှင့်ဗြိတိန်က ပိတ်ဆို့ အရေးယူ

Must read

ရန်ကုန်၊ မတ် ၂၆

မြန်မာနိုင်ငံတွင် အကြမ်းဖက် သတ်ဖြတ်မှုများ လုပ်ဆောင်နေသော စစ်တပ်မှ လေတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီးထွန်းအောင်၊ တိုင်းမှူး ဗိုလ်မှူးချုပ်ကိုကိုဦး နှင့် တိုင်းမှူး ဗိုလ်ချုပ်ဇောဟိန်းတို့အပါအဝင် လူပုဂ္ဂိုလ် ၈ ဦး၊ တပ်မ ၆၆ နှင့် ကုမ္ပဏီ ၅ ခုကို ဗြိတိန်နှင့်အမေရိကန် ပိတ်ဆို့ ဒဏ်ခတ်အရေးယူလိုက်ကြောင်း သိရှိရသည်။

ဗြိတိန်အစိုးရ က ပိတ်ဆို့ အရေးယူလိုက်သူများမှာ ဒေါက်တာအောင်မိုးမြင့်၊ အောင်လှိုင်ဦးနှင့် လေတပ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးထွန်းအောင်တို့ဖြစ်ကြသည်။

ဒေါက်တာအောင်မိုးမြင့်သည် Dynasty International Company Ltd ၏ ဒါရိုက်တာသည် မြန်မာစစ်တပ်အတွက် လက်နက်ဝယ်ယူရေးတွင် တာဝန်ရှိကြောင်း၊ ၎င်းသည် မြန်မာနိုင်ငံဆိုင်ရာ ဘီလာရုစ်နိုင်ငံ ဂုဏ် ထူးဆောင်ကောင်စစ်ဝန်ဖြစ်ပြီး မြန်မာနိုင်ငံရှိ Belarusian Chamber of Commerce and Industry ၏ ကိုယ်စားလှယ်လည်းဖြစ်ကြောင်း သိရှိရသည်။

အောင်လှိုင်ဦးသည် Myanmar Chemical and Machinery Co Ltd (MCM) ၏ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်ပြီး MCM သည် စစ်တပ် အဓိက လက်နက်နှင့် စီးပွားရေးဆိုင်ရာ ပံ့ပိုးကူညီမှု အရင်းအမြစ်တစ်ခုအဖြစ် လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဗိုလ်ချုပ်ကြီးထွန်းအောင်သည် မြန်မာလေတပ် ကာကွယ်ရေးဦးစီးချုပ် အသစ်ခန့်အပ်ခံရသူဖြစ်ပြီး ဦးပိုင်တွင် ဒါရိုက်တာအဖြစ် ပါဝင်နေကြောင်း သိရှိရသည်။

ဗြိတိန်က အရေးယူပိတ်ဆို့လိုက်သော ကုမ္ပဏီများတွင် Dynasty International ကုမ္ပဏီလီမိတက်သည် မြန်မာနိုင်ငံသို့ လက်နက်တင်သွင်းသူဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းချိန်မှစ၍ အပါအဝင် မြန်မာ့လေတပ်အတွက် စစ်ရေးနှင့် လေ့ကျင့်ရေး လေယာဉ်များ ထောက်ပံ့ရေးနှင့် ပြုပြင်ထိန်းသိမ်းမှုကိုပံ့ပိုးကြောင်း၊ MCM ကုမ္ပဏီသည်စစ်အုပ်စုအတွက် လက်နက်နှင့် ကုန်သွယ်မှုဆိုင်ရာ ပံ့ပိုးကူညီမှု၏ အဓိကအရင်းအမြစ်အဖြစ် ဆောင်ရွက်ကြောင်း၊ Miya Win International Ltd သည် မြန်မာ့လေတပ်အတွက် လေယာဉ်များ ထောက်ပံ့ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းအတွက် ပွဲစားပေးသည့် လုပ်ငန်းများ ဆောင်ရွက်သဖြင့် ယင်းကုမ္ပဏီ ၃ ခုကို ပိတ်ပင်လိုက်ကြောင်း သိရှိရသည်။

အမေရိကန်အစိုးရကလည်း အလယ်ပိုင်းတိုင်းတိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ နိုင်ထွဋ်အောင်၊ အောင်လှိုင်ဦး၊ စစ်တိုင်းအောင်တို့ စုစုပေါင်း လူပုဂ္ဂိုလ် ၅ ဦးနှင့် ကုမ္ပဏီ ၅ ခုကို ပိတ်ဆို့အရေးယူလိုက်ပြီး ၂၀၂၁ ခုနှစ် ခရစ္စမတ်အကြို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သော ပြည်မြို့နယ် အခြေစိုက် တပ်မ (၆၆) ကိုလည်း ပိတ်ဆို့မှု စာရင်းတွင် ထည့်သွင်းလိုက်ကြောင်း သိရှိရသည်။

ပိတ်ဆို့ခံရသူများတွင် ပါဝင်သော နိုင်ထွဋ်အောင်သည် တရုတ်ကုမ္ပဏီများထံမှ စက်ပစ္စည်းများကို ၀ယ်ယူထားပြီး မြန်မာစစ်တပ်ခေါင်းဆောင်ပိုင်းများနှင့် ခိုင်မာသော ဆက်ဆံရေးရှိသူဖြစ်ကြောင်း၊
၎င်း၏ကုမ္ပဏီ International Gateways Group of Company Limited ကိုလည်း ဒဏ်ခတ်အရေးယူလိုက်ကြောင်း သိရှိရသည်။

စစ်တပ် ကာကွယ်ရေးဦးစီးချုပ်ရုံးနှင့် တွဲဖက်၍ စစ်လက်နက်ပစ္စည်းထုတ်လုပ်မည့် ကုမ္ပဏီဖြစ်သည့် Myanmar Chemical & Machinery မှ အောင်လှိုင်ဦးကိုလည်း ဒဏ်ခတ်အရေးယူလိုက်ကြောင်း သိရှိရသည်။

မြန်မာစစ်တပ်အတွက် လက်နက်ရောင်းဝယ်ရေးတွင် ၎င်း၏ကုမ္ပဏီများကို ရှေ့တန်းအဖြစ် အသုံးပြုခဲ့သူ စစ်တိုင်းအောင်ကိုလည်း ဒဏ်ခတ်အရေးယူထားကြောင်း သိရှိရသည်။

ထို့ပြင် Htoo Group of Companies နှင့် Asia Green Development Bank Ltd တို့ကိုလည်း အမေရိကန်က ပိတ်ဆို့အရေးယူမှုများ ထပ်မံချမှတ် အရေးယူထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- အမေရိကန်က အရေးယူဒဏ်ခတ်လိုက်သော အလယ်ပိုင်းတိုင်း တိုင်းမှူး ကိုကိုဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article