27 C
Yangon

ကျိုက်ထို၊ မုပ္ပလင်လမ်းဆုံတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁၀ ဦးခန့်သေဆုံးပြီး KNLA ပူးပေါင်းတပ်ဘက်မှ ၁ ဦးကျဆုံး၊ မုပ္ပလင်ရွာထဲ စစ်သားများ သေနတ်ဖောက်ပြီးဝင်မွှေ

Must read

ရန်ကုန်၊ မတ် ၃၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံရှိ အကြမ်းဖက်စစ်ကောင်စီဂိတ်စခန်းကို KNLA နှင့် ကျိုက်ထိုတော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က ယနေ့ မတ်လ ၃၁ နံနက် အစောပိုင်းတွင် ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီ စစ်သားနှင့် ရဲများ ၁၀ ဦးခန့်သေဆုံးကြောင်း အလောင်းများကို FAW ကားဖြင့် သယ်ယူသွားကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မုပ္ပလင်ကျေးရွာအတွင်း ဝင်ရောက်၍ တအိမ်ဝင် တအိမ်ထွက် စစ်ဆေးနေကြောင်း သတင်းရရှိသည်။

“တိုက်ပွဲက မုပ္ပလင်လမ်းဆုံမှာဖြစ်တာ၊ မနက် ၅ နာရီ ၂၀ လောက်ကဖြစ်တာ၊ တိုက်ပွဲက ပြင်းတယ်၊ လက်နက်ကြီးပစ်သံကို အချက် ၂၀ ကျော် ကြားတယ်။၄၅ မိနစ်လောက်ကြာတယ်။ စစ်သား အလောင်းတွေကို FAW ကားနဲ့ သယ်သွားတယ်၊ ၁၀ ယောက် ဝန်းကျင်သေလိမ့်မယ်။ အဲဒီစခန်းမှာက အင်အား ၄၀ လောက်ထပ်ဖြည့်ပြီး ကတုပ်ကျင်းတွေပါ တူးထားတာ” ဟု ဒေသခံတဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ပစ်ခတ်မှုတွင် စစ်ကောင်စီဘက်မှ ၆ ဦး သေဆုံးသည်ဟု သတင်းရကြောင်း၊ ကျိုက်ထိုတော်လှန်ရေးအင်အားစုမှ ၁ ဦးကျဆုံးကာ ၃ ဦး ဒဏ်ရာရကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု တာဝန်ခံက ရန်ကုန်ခေတ်သစ်သို့ အတည် ပြုသည်။

တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ရမ်းသန်းပစ်ခတ်၍ ပြည်သူ ၂ ဦး ကျည်ထိမှန်ဒဏ်ရာရကာ ၁ ဦးမှာ စိုးရိမ်ရကြောင်း သိရှိရသည်။

“စစ်သားအလောင်းတွေကိုတော့ မနက် ၆ ခွဲလောက်မှာ သိမ်ဇရပ်ဘက် သယ်သွားတယ်၊ ပြည်သူ ၂ ဦးကိုတော့ ကျိုက်ထိုဘက်သယ်သွားတယ်၊ အခုက မုပ္ပလင်ရွာထဲကို ဝင်မွှေနေတယ်။ သေနတ်ဖောက်တယ်၊ အိမ်တိုင်းကို ဝင်တယ်၊ လမ်းကြိုလမ်းကြားပါမကျန်၊ စစ်သားတွေက လမ်းကြားတွေကို မသိဘူး၊ ဒလန် ပါလာလို့ သိတာ။ ခါတိုင်း ဒီလိုမဝင်ဘူး၊ အခု သူတို့ အထိတော်တော်နာလို့ ဝင်မွှေနေတာ၊ တော်တော်ရိုင်းတဲ့ကောင်တွေ။ ထွက်ကြည့်တဲ့ ရွာသား ၂ ယောက်လည်း အထိုးခံရတယ်ကြားတယ်” ဟု အဆိုပါ ဒေသခံက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ဆက်လက်ပြောပြသည်။

အဆိုပါ မုပ္ပလင်လမ်းဆုံသည် စစ်တောင်းတံတားဟောင်းဘက်မှ လာသောလမ်းနှင့် တံတားသစ်ဘက်မှ လာသော လမ်းဆုံရာတွင် တည်ရှိပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်ပါးစေရဲတပ်ဖွဲ့ဝင်များ စခန်းချကာ ဖြတ် သန်းသွားလာသော ခရီးသွားကားများထံမှ အခွန်ကောက်ခံနေသော နေရာဖြစ်ကြောင်း သိရှိရသည်။

မုပ္ပလင်လမ်းဆုံတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ၃ မိုင်ခွဲခန့်အကွာရှိ မရမ်းချောင် စစ်ကောင်စီဂိတ်တွင်လည်း သေနတ်ပစ်ခတ်ခံများကြားရကြောင်း၊ ရန်ကုန် မော်လမြိုင်ကားလမ်းတွင် ကားများပိတ်ဆို့နေကြောင်း ဒေသခံများက ဆို သည်။

အဆိုပါ ကျိုက်ထိုမြို့နယ်နှင့် သိမ်ဇရပ်ကျေးရွာကြားရှိ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီ စခန်းများ၊ စစ်ဆေးရေးဂိတ်များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ဒေသကာ ကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။

ဓါတ်ပုံ – ယနေ့နံနက်တိုက်ပွဲဖြစ်ပြီးနောက် ရန်ကုန်-မော်လမြိုင် ကားလမ်းတွင် ကားများပိတ်နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article