31 C
Yangon

ဆွာနယ်မြေရဲစခန်း၊ မလှိုင်မြို့နယ်ရဲစခန်းကို PDF များက လက်နက်ကြီးများဖြင့်ပစ်ခတ်၊ ညောင်လေးပင်တွင် ရဲနှင့်အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးလုပ်နေစဉ် ဗုံးပစ်ခံရပြီး ရဲ ၃ ဦးသေဆုံးကာ ရဲမြို့နယ်မှူး ဒဏ်ရာ အပြင်းအထန်ရ

Must read

ရန်ကုန်၊ မတ် ၃၁

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဆွာနယ်မြေရဲစခန်း၊ မလှိုင်မြို့နယ်ရဲစခန်းကို လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ညောင်လေးပင်မြို့နယ်တွင် ရဲနှင့်အုပ်ချုပ်ရေးအဖွဲ့များ အစည်းအဝေးလုပ်နေစဉ် ဗုံးပစ်ခံရသဖြင့် ရဲ ၃ ဦးသေဆုံးကြောင်း ဒေသခံများနှင့် ဒေသကာကွယ်ရေးတပ်များထံမှ သိရှိရသည်။

ဆွာရဲစခန်းကို ရှော့တိုက်ပြောင်း၊ ၄၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်
========================================

မတ်လ ၃၀ ရက်နေ့ ည ၇ နာရီ ၅ မိနစ်အချိန် ပဲခူးတိုင်းရေတာရှည်မြို့နယ်၊ ဆွာနယ်မြေရဲစခန်းကို တောင်ငူခရိုင် တပ်ရင်း (၁)၊ ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ခွဲ (၂) ရှားလော့ ဦးဆောင်သော တပ်စုက ရှော့တိုက်ပြောင်းဖြင့် တစ်ကြိမ်၊ ၄၀ မမ တစ်ကြိမ် ပေါင်းနှစ်ကြိမ် ပစ်ခတ်ခဲ့ကြောင်း၊ ဒုတိယအကြိမ် ၄၀မမ ပစ်ခတ်မည့် အချိန်တွင် ပြည်သူ့ကားတစီး မောင်းလာသောကြောင့် ရှောင်ပစ်ရာ ရဲစခန်း အုတ်နံရံသာ မှန်၍ ကားလမ်းနှင့် အုတ်နံရံကြားတွင် ကွဲသွားကြောင်း ၊ ပြည်သူများအနေဖြင့် ပစ်ခတ်သံကြားလည်း ရောက်သည့်နေရာတွင်သာ မိမိတို့၏ ယာဉ်ကို ရပ်ထားပေးကြရန် မေတ္တာရပ်ခံကြောင်း ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ခွဲ ၂၊ YEDASHE – PDF 2က သတင်းထုတ်ပြန်သည်။

မလှိုင်မြို့နယ်ရဲစခန်းကို M79 လက်နက်ကြီးဖြင့် ပစ်ခတ်မှု ရဲ ၄ ဦး ဒဏ်ရာရ
==========================================

အလားတူ မတ်လ ၃၀ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် မန္တလေးတိုင်း၊ မိထ္တီလာခရိုင်၊မလှိုင်မြို့နယ် ရဲစခန်းကို PDFတောင်သာတပ်ဖွဲ့က M79 ဖြင့် ပစ်ခတ်ကြောင်း၊ ပစ်ခတ်မှုကြောင့် အချုပ်ဆောင် အနောက်ဘက် ရဲများနေသော၂ထပ်ဆောင်ကို ထိမှန်ပြီး ဒဏ်ရာရရှိသော ရဲ ၄ ဦးကို လူနာတင်ယာဉ်ဖြင့် သယ်ဆောင်သွားကြောင်း တောင်သာ PDF က သတင်းထုတ်ပြန်သည်။

ပဲခူး၊ ညောင်လေးပင်တွင် ရဲနှင့်အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးလုပ်စဉ် ဗုံးကွဲပြီး ရဲ ၃ ဦးသေ၊ မြို့နယ်မှူး ဒဏ်ရာပြင်းထန်
===========================================

မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်း ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ တော်ဝိစံပြကျေးရွာတွင် ရဲနှင့် အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးပြုလုပ်နေစဉ် ဗုံးပစ်ခတ်ခံရကြောင်း၊ ဗုံးပစ်ခံရမှုကြောင့် နယ်ထိန်းရဲ တစ်ဦးအပါအဝင် ရဲ ၃ ဦးသေဆုံးကြောင်း၊ ညောင်လေးပင်မြို့နယ်ရဲမှူးဒဏ်ရာရရှိကြောင်း ၊ တော်ဝိစံပြကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် လင်မယား ၂ ဦးလည်းဒဏ်ရာရရှိကြောင်း သိရှိရသည်။

“ဗုံးကွဲလို့ ခွေး ၃ ကောင်သေတယ်။ ၁ ကောင်စိုးရိမ်ရတယ်။ ရဲမြို့နယ်မှူးပါ ဒဏ်ရာပြင်းတယ်။ တော်ဝိ ရာအိမ်မှူး လင်မယားနဲ့ ရဲတပ်ကြပ်တစ်ဦးဒဏ်ရာပြင်းတယ်။ ၈ ဦးဒဏ်ရာရတာမှာ ဆေးရုံမှာ ၄ ဦးထပ်သေတယ်လည်းကြားတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article