28 C
Yangon

ခင်ဦးမြို့နယ်၊ ရှားလွင်နှင့်ကုလားလူးကျေးရွာကို စစ် တပ်က မီးရှို့ဖျက်ဆီးပြီး မီးငြိမ်းသတ်ရန်လာသော လူငယ် ၃ ဦးကို ရက်ရက်စက်စက်သတ်ဖြတ်၊ လူငယ် ၁ ဦးမှာ မသေမချင်း ကျောက်တုံးဖြင့် ထုသတ်ခံထားရ

Must read

ရန်ကုန်၊ မတ် ၃၁

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရှားလွင်ကျေးရွာနှင့် ကုလားလူးကျေးရွာကို စစ်တပ်က မတ်လ ၃၀ ရက်နေ့တွင် ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီးပြီး မီးငြိမ်းသတ်ရန်လာသည့် လူငယ် ၃ ဦးကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်သွားကာ လူငယ် ၁ ဦးမှာ မသေမချင်း ကျောက်တုံးဖြင့် ထုသတ်ခံထားရကြောင်း ဒေသခံများထံမှ သိရှိရသည်။

မတ် ၃၀ ရက်နေ့ နံနက် ၆ နာရီအချိန် ခင်ဦးမြို့နယ်၊ ရှားလွင်ရွာနှင့်ကုလားလူးကျေးရွာများသို့ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက် စီးနင်းခဲ့ပြီး ရွာများအတွင်းရှိ ပြည်သူပိုင် လူနေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ မွန်းလွဲ ၂နာရီခန့်အချိန် ကုလားလူးကျေးရွာအနီး မီးငြိမ်းသတ်ရန် ရွာနားသို့ ကပ်လာသော ကျေးရွာလူငယ်များကို စစ်တပ်က လက်နက်ကြီးများဖြင့် လိုက်လံပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်ခံခဲ့ရမှုကြောင့် ကာကွယ်ရေးအဖွဲ့ဝင် ၃ဦး လက်နက်ကြီးထိမှန်ခြင်း စနိုက်ပါသေနတ် ထိမှန်သေဆုံးပြီး ဒဏ်ရာရရှိသော လူငယ် ၁ ဦးမှာလည်း မသေမချင်း ဦးခေါင်းအား ဦးနှောက်ထွက်အောင် ကျောက်ခဲဖြင့် ထုသတ်ခြင်းကြောင့် ကျဆုံးခဲ့ရကြောင်း၊ ဒဏ်ရာရရှိသော ရဲဘော်များလည်းရှိကြောင်း သိရှိရသည်။

“မနေ့က စစ်တပ်က ရှားလွင်ကျေးရွာမှာ လူနေအိမ် ၄၇အိမ် ၊ကုလားလူးကျေးရွာမှာ လူနေအိမ် ၃၄အိမ်ကို မီးရှို့တယ်။ မတ်လ ၁၆ ရက်နေ့ကလည်း မီးရှို့ခဲ့သေးတယ်။ မတ်လ ၁၆ ရက်နေ့က ရှားလွင်ကျေးရွာမှာ ၈၃အိမ်၊ ကုလားလူးကျေးရွာမှာ ၈၄အိမ် မီးရှို့ခံခဲ့ရတယ်။ လူငယ်တွေကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်သွားပါတယ်” ဟုဒေသခံတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် ခင်ဦးမြို့နယ်အတွင်း ကျဆုံး ပြည်သူနှင့် ရဲဘော်စုစုပေါင်း ယနေ့ထိ ၁၁၄ဦးရှိပြီး ဒဏ်ရာရပြည်သူ ၈၄ဦးထိရှိနေပြီဖြစ်ကြောင်း ၊ယခု မတ်လအတွင်း စုစုပေါင်း ၄၄၇ အိမ်ကို စစ်တပ်က မီးရှို့ခဲ့ပြီး အပြစ်မဲ့ပြည်သူ ၃၅၀၀ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း၊ ကျေးရွာပေါင်း ၁၅ခု မှ အပြစ်မဲ့ပြည်သူပေါင်း ၃၇၀၀၀ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article