28 C
Yangon

မိတ္ထီလာ ၈၈ ငြိမ်း/ပွင့် တာဝန်ခံ ဦးထိန်မင်းခိုင်ကို စစ်တပ်က ပစ်ခတ်ဖမ်းဆီးပြီး မိသားစုဝင်များပါ ဖမ်းဆီး ခေါ်ဆောင်သွား

Must read

ရန်ကုန်၊ မတ် ၃၁

မန္တလေးတိုင်း မိတ္ထီလာမြို့နယ် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း တာဝန်ခံ ဦးထိန်မင်းခိုင်ကို မတ်လ ၃ဝ ရက်နေ့ ည ၁ဝနာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ပစ်ခတ်ဖမ်းဆီးခဲ့ပြီး ၎င်းနှင့် အတူနေထိုင်သည့် မိသားစုဝင်များပါ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဦးထိန်မင်းခိုင်ကို စစ်တပ်က ပုဒ်မ ၅ဝ၅ (က)ဖြင့် အမှုဖွင့်ထားသောကြောင့် ပျော်ဘွယ်မြို့နယ် ယင်းတော်ရွာ သာယာကုန်းရပ်ကွက်တွင် ဇနီးဖြစ်သူနှင့် တိမ်းရှောင်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

” မိတ္ထီလာ (၈၈) ငြိမ်းပွင့် တာဝန်ခံ ဦးထိန်မင်းခိုင်နဲ့ ဇနီးဒေါ်မိမိခိုင်တို့ကို စစ်တပ်က ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ထားလို့ သူတို့တိမ်းရှောင်နေတာ မနေ့က မတ်လ ၃၀ ည ၁၀ နာရီလောက်မှာ သူတို့ တိမ်းရှောင်နေတဲ့ ရမည်းသင်းခရိုင်ထဲက ပျော်ဘွယ်မြို့နယ် ယင်းတော်ရွာ သာယာကုန်းရပ်ကွက်မှာရှိတဲ့ သူတို့ တိမ်းရှောင်နေတဲ့ အိမ်ကို စစ်ကား ၃ စီးနဲ့ ပစ်ခတ် ဖမ်းဆီးခြင်းခံရတယ်။ အခု ဦးထိန်မင်းခိုင်က စစ်ဆေးရုံမှာ ကုသနေရတယ်လို့ သိရတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

စစ်ကောင်စီ တပ်ဖွဲ့များသည် ဦးထိန်မင်းခိုင်နှင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်မိမိခိုင် တိမ်းရှောင်နေသည့် နေအိမ်ရှိ အိမ်ရှင် ဖြစ်သူ ဦးကြားအောင်၏ သမီးဖြစ်သူ မထက်ထက်အောင်နှင့် သမက်ဖြစ်သူ ကိုရှိုင်းမောင်မောင်တို့ကိုပါ အကြောင်းမဲ့ ဖမ်းဆီးခဲ့ပြီး မိတ္တီလာမြို့တွင် နေထိုင်သည့် ဦးထိန်မင်းခိုင်၏ သမီးဖြစ်သူ မသုပြည့်စုံကိုလည်း ယနေ့ နံနက် ၂နာရီခန့်တွင် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရသည်။

ထို့ပြင် ဦးထိန်မင်းခိုင်း၏ သားဖြစ်သူ GTC တတိယနှစ် ကျောင်းသား ကိုအောင်ခန့်မင်းထင်ကိုလည်း စစ်တပ်က ၂၀၂၁ ခုနှစ် မတ်လတွင် မိတ္ထီလာမြို့ရှိ ၎င်းတို့ နေအိမ်၌ ဦးထိန်မင်းခိုင်နှင့် ဇနီးဖြစ်သူ ဒေါ်မိမိခိုင်တို့ကို လာရောက်ဖမ်းဆီးစဉ် မတွေ့ရှိသောကြောင့် သားဖြစ်သူကို ဖမ်းဆီးကာ ထောင်ဒဏ် ၃နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ဦးထိန်မင်းခိုင်နှင့်ဇနီးဖြစ်သူ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article