36 C
Yangon

ဦးဖုန်ကြားရှင် ဈာပန ပြင်ဆင်နေချိန်တွင် စစ်ကောင်စီက MNDAA တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်၊ အင်အားတိုးချဲ့

Must read

ရန်ကုန်၊ မတ် ၁

အကြမ်းဖက်စစ်ကောင်စီသည် ကိုးကန့်အထူးဒေသ ၁၊ မုံးကိုးခရိုင်ဘက်သို့ အင်အားအလုံးအရင်းတိုးချဲ့လာပြီး ယနေ့ မတ်လ ၁ ရက် နံနက်တွင် MNDAA တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ကြောင်း ကိုးကန့်သတင်းရင်းမြစ် The Kokang က သတင်းထုတ်ပြန်သည်။

ယနေ့နံနက် ၆ နာရီခွဲခန့်တွင် စစ်ကောင်စီ၏ စကခ ၁၂ လက်အောက်ခံ၊ ခလရ ၂၈၇ တပ်ရင်းသည် အင်အား ၈၀ ခန့်ဖြင့် မုံးကိုးခရိုင်၊ မန်ကျယ်ဒေသ အနောက်ဘက်တောင်ကုန်းရှိ MNDAA တပ်စခန်းကို တိုက်ခိုက်ကြောင်း၊ ကိုးကန့်တပ်ဖွဲ့သည် ဥက္ကဌ ဦးဖုန်ကြားရှင်၏ ဈာပနစီစဉ်နေစဉ် မဖြစ်မနေ ခုခံတိုက်ခိုက်ခဲ့ကြောင်း ကိုးကန့်သတင်းရင်းမြစ်က ဆိုသည်။

ကိုးကန့် MNDAA ၏ မန်းရန်တပ်စခန်းကိုလည်း စစ်ကောင်စီက လက်နက်ကြီးများဖြင့် မရပ်မနားပစ်ခတ်ခဲ့ကြောင်း ယမန်နေ့ ပစ်ခတ်မှုတွင် လက်နက်ကြီး အကြိမ် ၈၀ ကျော်နှင့် စက်သေနတ်များဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ စစ်ကား အစီးရေ ၄၀ ကျော်သည် ဖေဖေါ်ဝါရီလ ၂၄ ရက်တွင် ကွတ်ခိုင်ဒေသသို့ ဝင်ရောက်လာပြီး မုံးကိုးခရိုင်သို့ သွားရာလမ်းတလျှောက်ရှိ စစ်သားအချို့ကို ထပ်မံစုစည်းကာ အင်အားဖြည့်တင်းလာကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဇန်နဝါရီလဆန်းတွင် အပစ်အခတ်ရပ်စဲရေးကို နှစ်ကုန်အထိ တိုးချဲ့သွားမည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သလို ဖေဖေါ်ဝါရီလ ၂၈ ရက်တွင်လည်း မတ်လ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်ထိ စစ်ရေးလှုပ်ရှားမှုများကို ရပ်ဆိုင်းမည်ဟု ထုတ်ပြန်ခဲ့ပြီး လက်ရှိတွင် MNDAA တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေသောကြောင့် စစ်ကောင်စီ၏ အပစ်အခတ်ရပ်စဲရေးသည် ဗလာသာဖြစ်သည်ဟု ကိုးကန့်သတင်းရင်းမြစ် The Kokang က ရေးသားထားသည်။

ဓါတ်ပုံ – MNDAA တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article