30 C
Yangon

အကြမ်းဖက်စစ်ကောင်စီ၏ အလွန်အကျွံ ထိုးစစ်ဆင်လာမှုများကို ခုခံရန် လိုအပ်ချက်များရှိနေပြီး သိန်းပေါင်း ၁၀၀၀ ပရောဂျက်တွင် ပြည်သူများပါဝင်ကူညီလှူဒါန်းကြရန် KNDF ဖိတ်ခေါ်

Must read

ရန်ကုန်၊ မတ် ၁

ကရင်နီပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ အင်အားအလွန်အကျွံဖြင့် ထိုးစစ်ဆင်လာမှုများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ခုခံတွန်းလှန်ရန် လိုအပ်ချက်များစွာရှိနေကြောင်းနှင့် အချိန်မီပံပိုး ဖြည့်တင်းနိုင်ရန်အတွင် အကူအညီများအရေးတကြီး လိုအပ်လျှက်ရှိရာ ပြည်သူများအနေဖြင့် သိန်းပေါင်း ၁၀၀၀ ပရောဂျက်တွင် ပါဝင်အားဖြည့် လှူဒါန်းပေးကြရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF က ဖိတ်ခေါ်ထားသည်။

သိန်းပေါင်း ၁၀၀၀ ပရောဂျက်တွင် ပါဝင်ပြီး KNDF ၏ လိုအပ်ချက်များကို ပံ့ပိုးနိုင်ရန် People Of Evolving Myanmar (POEM) အဖွဲ့နှင့် ယန်းတစ်ရာနေ့စဉ်စုပရဟိတအဖွဲ့(ဂျပန်) ထံ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။

“ဒီအလှူခံမှုကို KNDF, ယန်းတစ်ရာအဖွဲ့နဲ့ POEM တို့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး မြေပြင်မှာ လက်ရှိ တကယ် ရင်ဆိုင်နေကြရတဲ့ KNDF အဖွဲ့ဆီကို အမြန်ဆုံး ငွေစီးဆင်းမှာပါ။ လက်ရှိမှာ ကရင်နီဒေသဟာ သဲကြီးမဲကြီး ဖိခံနေရတာမို့ ဝယ်ရမယ့်ပစ္စည်းတွေ များပါတယ်။ ဘာတွေဝယ်မှာလဲ အသေးစိတ်ကိုကတော့ မြေပြင်လှုပ်ရှားရ မခက်ခဲစေဖို့ ခဏလျှို့ဝှက်ထားပါရစေ” ဟု POEM အဖွဲ့က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဖေဖေါ်ဝါရီလ ၁၄ ရက်မှစတင်ကာ မိုးဗြဲမှတဆင့် နန်းမယ်ခုံဘက်သို့ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်နေသလို မြေပြင်မှလည်း အင်အားအလွန်အကျွံ ထိုးစစ်ဆင်နေပြီး မိုးဗြဲအခြေစိုက် တပ်ရင်းများက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲများအတွင်း လက်နက်၊ ကျည်ဆံ လိုအပ်ချက်များရှိကာ ကရင်နီပူးပေါင်းအဖွဲ့မှ ရဲဘော် ၅၀ ဦးခန့် ကျဆုံးခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ အနည်းဆုံး ၂ ဦး သေဆုံးခဲ့ပြီး ၄ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။

လက်ရှိတွင် နန်းမယ်ခုံမြို့မှ ကရင်နီတပ်ဖွဲ့များ ဆုတ်ခွာပေးလိုက်ရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့သည် နန်းမယ်ခုံအနီးရှိ ဆင်မတောင်ကုန်းများပေါ်တွင် တပ်စွဲကာ အနီးဝန်းကျင်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် နန်းမယ်ခုံအနီးဝန်းကျင်ရှိ ကျေးရွာပေါင်း ၅၀ ခန့်မှ ပြည်သူပေါင်းများစွာ စစ်ဘေးရှောင်နေကြရသည်။

POEM page link
https://www.facebook.com/Poe.Myanmar21/
ယန်းတစ်ရာနေ့စဉ်စုပရဟိတအဖွဲ့ (ဂျပန်)
https://www.facebook.com/Save-100-a-day-for-Myanmar-Japan-111217734835680/

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article