29 C
Yangon

မူဆယ် ၁၀၅ မိုင်အနီး ကျောက်တိုင်လမ်းဆုံတွင် ဒုရဲအုပ်ဝင်းကို အပါအဝင် ၅ ဦး ဖမ်းဆီးခံရပြီးနောက် ၎င်းတို့၏အလောင်းများကို မူဆယ်-ကြူကုတ်လမ်းပေါ်တွင် ပြန်လည်တွေ့ရှိ

Must read

ရန်ကုန်၊ မတ် ၃၁

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်၊ ကျော်တိုင်လမ်းဆုံအနီးတွင် နယ်စပ်ကုန်သွယ်ရေး ဒုရဲအုပ်ဝင်းကို အပါအဝင် ရဲ ၅ ဦး ကို အမည်မသိအဖွဲ့က မတ်လ ၃၀ ရက်ညပိုင်း၌ ဖမ်းဆီးသွားပြီးနောက် ၎င်းတို့၏ အလောင်းများကို မူဆယ်-ကြူကုတ်လမ်းပေါ်တွင် ပြန်လည်တွေ့ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ ရဲ ၅ ဦး၏ အလောင်းများကို မူဆယ်-ကြူကုတ်ပန်ဆိုင်းကားလမ်း၊ မုံးပေါ်ရွာအနီးတွင် စွန့်ပစ်ထားခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

“ဒီကောင်တွေ ဂွင်ရှာရင်းနဲ့ သတ်ခံလိုက်ရတာဖြစ်နိုင်တယ်၊ နယ်စပ်ဆိုတော့ လောင်းကစား၊ မူးယစ်ဆေး၊ ကုန်တင်ကားတွေ ဂွင်တွေ အများကြီးရှိတယ်၊ နယ်စပ်မှာ အထောဆုံးက အဲဒီကောင်တွေပဲ” ဟု ဒေသသတင်းရင်းမြစ်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဖမ်းဆီးသတ်ဖြတ်ခံရသည့် ရဲ ၅ ဦးမှာ နယ်စပ်ကုန်သွယ်ရေးမှ ဒုရဲအုပ်ဝင်းကိုနှင့် တပ်ကြပ် ၁ ဦး၊ မင်္ဂလာမူဆယ်ရဲကင်းမှ ရဲ ၁ ဦး၊ ပန်ခမ်းတံတားရဲကင်းမှ ၂ ဦးတို့ဖြစ်ကြောင်းနှင့် အဆိုပါ ရဲ ၅ ဦးကို မန်ဟျိုး (မန်ဟီးရိုး) မြို့နယ်ခွဲမှ လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ၇၀၁ တပ်ဖွဲ့က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မူဆယ်ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

လက်ရှိအချိန်တွင် အဆိုပါ ရဲ ၅ ဦး၏ အလောင်းများကို စစ်ကောင်စီတပ်ဖွဲ့များက ပြန်လည်ကောက်ယူသွားပြီဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ရဲတပ်ဖွဲ့ဝင် ၅ ဦးကို မည်သည့်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခြင်းဖြစ်သည်ကို ရန်ကုန်ခေတ်သစ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဓါတ်ပုံ – မူဆယ်-ကြူကုတ် လမ်းပေါ်တွင် ပြန်လည်တွေ့ရှိရသော ရဲ ၅ ဦး၏ အလောင်းများ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article