25 C
Yangon

တောင်ပျောက် တိုက်နယ်ကို စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ် စစ်ရှောင်များရှိရာ နေရာနှင့် ရွာထဲသို့ ကျရောက်ပြီး ပြည်သူ ၁ဦး ထိမှန် စိုးရိမ်ရ၊ မယ်ကဲရွာသား ၇ဦးကိုလည်း စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဧပြီ ၂

တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် တောင်ပျောက် တိုက်နယ် အတွင်းသို့ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၂နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ပြီး စစ်ရှောင်ပြည်သူများနှင့် ကျေးရွာများ အတွင်းသို့ ကျရောက်ခဲ့သော ပြည်သူ ၁ဦး လက်နက်ကြီးထိမှန်ကာ ဒဏ်ရာအခြေအနေ စိုးရိမ်ရကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် သဲချောင်းကြီး ရဲစခန်းမှ တောင်ပျောက် တိုက်နယ် အတွင်းသို့ လက်နက်ကြီး အချက်ရေ ၃ဝကျော် ထက်မနည်း အကြောင်းမဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်ဘေးရှောင် ပြည်သူများရှိရာ တောင်ပေါ်နှင့် ကျေးရွာများ အတွင်းသို့ ကျရောက် ခဲ့သောကြောင့် ပြည်သူ ၁ဦးထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

ယင်း အကြမ်းဖက် စစ်တပ်သည် ထိုသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီးနောက် ညနေ ၅နာရီခန့်တွင် မယ်ကဲရွာကို စစ်သား ၁ဝဝ အင်အား ၁ဝဝကျော်ဖြင့် ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူ ၇ဦးကို ရိုက်နှက်ဖမ်းဆီးကာ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။

စစ်တပ် ဖမ်းဆီးခဲ့သော ပြည်သူ ၇ဦးတွင် မယ်ကဲရွာ ဘုန်းကြီးကျောင်းတွင် ပုန်းခိုနေသော အသက်အရွယ် ကြီးရင့်သည့် အမျိုးသမီး ၂ဦး ပါဝင်ပြီး မယ်ကဲရွာတွင် နေထိုင်သော ဒေါ်မေရီ နေအိမ် အတွင်းရှိ ပစ္စည်းများကို စစ်တပ်က ခိုးယူလုယက်ကာ နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဒေသခံပြည်သူများ ကျေးရွာအတွင်းမှ ထွက်ပြေးချိန်တွင် ဒေါ်မေရီ နေအိမ် တစ်လုံးသာ မီးရှို့ခံရပြီး လက်ရှိချိန်တွင် နေအိမ်မည်မျှ မီးရှို့ဖျက်ဆီးခံရသည်ကို အတည်မပြုနိုင်သေးကြောင်း ဒေသခံပြည်သူများ ပြောဆိုသည်။

အဆိုပါ တောင်ပျောက် တိုက်နယ် အတွင်းရှိ ကျေးရွာ ၁ဝရွာက ဒေသခံပြည်သူ ၇၀၀၀ ကျော်ခန့်သည် အနီးနားရှိ ကျေးရွာများနှင့် တောတောင်များပေါ်တွင် စစ်ရှောင်နေရကာ ဆေးဝါးနှင့် စားနပ်ရိပ်က္ခာများ လိုအပ်လျက်ရှိကြောင်း သိရသည်။

Photo – သရက်ချောင်းမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် ရမ်းကားနေသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံပြည်သူများ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article