25 C
Yangon

ပင်လည်ဘူးမြို့ခံ ၉ ဦးကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်၊ ပြည်သူပိုင်နေအိမ်နှင့်စီးပွားရေးလုပ်ငန်းများကို ဖြိုချဖျက်ဆီးနေ

Must read

ရန်ကုန်၊ ဧပြီ ၁၈

စစ်ကိုင်းတိုင်းမြောက်ပိုင်း၊ ပင်လည်ဘူးမြို့ပေါ်တွင် ၁၀ ရက်ကျော်ကြာ တိုက်ပွဲပြင်းထန်ပြီးနောက် အထိနာခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် ပင်လည်ဘူးမြို့ခံ ၉ ဦး ကို မြို့ပေါ်တွင်ပင် ပစ်ခတ်သတ်ဖြတ်ပြီး ပြည် သူပိုင်နေအိမ်နှင့် ဈေးဆိုင်များကို ဖြိုချဖျက်ဆီးမှုများ လိုက်ဆောင်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။

မတ်လ ၂၉ ရက်မှ စတင်ကာ ဧပြီလ ၁၀ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်း ဖက်စစ်တပ်ဘက်မှာ ၃၀ ကျော် သေဆုံးခဲ့သလို PDF ၅ ဦးလည်း ကျဆုံးခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲအပြီးတွင် မြို့ပေါ်ရှိ ၅၀၅ (က) အထုတ်ခံထားရသူများ၊ PDF ထောက်ပံ့သည်ဟု သံသယရှိနေသော ပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခြင်းနှင့် နေအိမ်များကို စက်ယန္တ ရားများဖြင့် ဖြိုချခြင်းများ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု သိရှိရသည်။

ပင်လည်ဘူးမြို့ပေါ်တွင် အမျိုးသားများကို နေအိမ်ပြင်ပတွင်တွေ့ရှိပါက စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်နေရာ ယင်းသို့ သတ်ဖြတ်ခြင်းကြောင့် ဦးပေါ်ဝင်းအောင်၊ ဦးပေါ်ဝမ်း၊ ဦးဝင်းအောင်၊ မိုးဆုတောင်းလမ်းဆုံတွင် အမည်မသိ အမျိုးသား(၃)လောင်း၊ ကျောက်အင်းကုန်းကျေးရွာတွင် အမည်မသိအမျိုးသား (၃) လောင်း စုစုပေါင်း ၉ လောင်း တွေ့ရှိရကြောင်း၊ အလောင်းများမှာ သဂြိုလ်မည့်သူမရှိဘဲ လမ်းပေါ်တွင် ပုတ်ပွနေသည်ဟု သိရှိရသည်။

စစ်တပ်က ဧပြီလ ၁၃ ရက်နေ့တွင် မြို့မရပ်ကွက်ရှိ ဆွေမိသားစုနေအိမ် စတိုးဆိုင် (၂)ဆိုင်၊ ရွှေတောင်ဦး နေအိမ်စတိုးဆိုင် (၂)ဆိုင်၊ ၁၄ ရက်နေ့တွင် ဦးမောင်ချို+ဒေါ်လှဦး မိသားစုနေအိမ်၊ အိမ်ဈေးဆိုင် (၂)လုံး၊ ကြယ်စင်ဈေးဆိုင်နှင့် နေအိမ်(၂)လုံး၊ ရွှေကောင်းထက်‌စားသောက်ဆိုင်တို့အား ဘက်ဟိုးနှင့် ဖြိုချဖျက်ဆီးသွားကြောင်းနှင့် ပင်လည်ဘူးမြို့တွင် လျှပ်စစ်ဓါတ်အားပြတ်တောက်နေသည်မှာလည်း ၃ ရက်ခန့် ရှိပြီဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်က ဆိုသည်။

ပင်လည်ဘူးမြို့ရှိ နေအိမ်ခြံဝန်းတံခါးများကိုလည်း စစ်သားများက ဖျက်ဆီးထားပြီး ပြန်ပိတ်ပါက ပိုမိုဆိုးရွားစွာ ဖျက်ဆီးမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုကြောင်း၊ ငွေကြယ်ဖြူစတိုးအား ရိုက်ဖျက်ဖွင့်ကာပစ္စည်းများအား ဒန့်ကားဖြင့်သယ်ယူနေကြပြီး အနီးနားရှိ နေအိမ်များမှ ပြည်သူများကိုလည်း ခြိမ်းခြောက်ကာ စတိုးဆိုင်တွေထဲမှပစ္စည်းများကို သယ်ယူရန်စေခိုင်းနေပြီး ပြည်သူများက ဆိုင်များကို ဖောက်ထွင်းကာ ပစ္စည်းများကို ခိုးယူနေသည့်ပုံစံမျိုး ပြုလုပ်ခိုင်းနေကြောင်း ဒေသခံများက ဆိုကြသည်။

တိုက်ပွဲများကြောင့် ပင်လည်ဘူးမြို့ခံ အများစုသည် မြို့ပေါ်တွင်မနေဘဲ စစ်ရှောင်နေသည်မှာ လနှင့်ချီကြာမြင့်နေပြီဖြစ်သည်။

ဓာတ်ပုံ- ယမန်နှစ်၊ ဧပြီလ ပင်လည်ဘူးမြို့ပေါ် ရဲစခန်းရှေ့တွင် လုံခြုံရေးယူထားသော အကြမ်းဖက် စစ်ကောင်စီတပ်များ။

Photo- CJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article