37 C
Yangon

မင်းကင်းတွင် အင်အား ၁၅၀ ကျော်ပါသော ခလရ ၈၇ နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကြား ၄ ရက်ဆက်တိုက်ပွဲဖြစ်၊ စစ်သား ၃၀ ကျော်သာကျန်ပြီး ပြန်လည် ဆုတ်ခွာသွား

Must read

ရန်ကုန်၊ ဧပြီ ၃၀

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ အင်အား ၁၅၀ ကျော်ပါသော ခလရ ၈၇ စစ်ကြောင်းနှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကြား ဧပြီလ ၂၅ ရက်မှ ၂၈ ရက်နေ့အထိ ၄ ရက်တာတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် လာရောက်ပူးပေါင်းသူ ပျူစောထီးများ ထိခိုက်သေဆုံးမှုများပြီး စစ်သား ၃၀ ဝန်းကျင်သာကျန်ရှိ၍ ပြန်လည်ဆုတ်ခွာသွားကြောင်း MDF Special Force ထံမှ သိရှိရသည်။

အဆိုပါ စစ်ကြောင်းသည် ကလေးမြို့အခြေစိုက် တပ်ရင်းဖြစ်ကြောင်း၊ စစ်ကြောင်းထိုးလာစဉ် ပန်ဆက်နှင့် တောင်ဖြူကျေးရွာများမှာ ပျူစောထီးများကိုပါ စစ်ကူခေါ်လာခြင်းကြောင့် စုစုပေါင်း အင်အား ၁၉၀ ခန့်ရှိကြောင်း သိရှိရသည်။

“ဒီဘက်မှာက စစ်ကောင်စီဘက်က ရဟတ်ယာဉ်နဲ့ ချသွားတဲ့ဟာတွေ အကုန်ကုန်တယ်၊ မြို့ကြီးတွေကလည်း လာမထိုးနိုင်တော့ နယ်ခံ ကလေးမြို့က တပ်ကို လွှတ်တာ။ ၂၅ ရက်နေ့ သံပေါက်ရွာမှာ တိုက်ပွဲစဖြစ်တော့ သူတို့က ချင်းတွင်းမြစ် ဟိုဘက်ကမ်းက ပန်ဆက်နဲ့ တောင်ဖြူက ပျူစောထီးတွေကို စစ်ကူခေါ်တယ်၊ တိုက်ပွဲက နာရီဝက်လောက်ပဲ ကြာတယ်။ ပဒေသာတွေ မိုင်းတွေမိပြီး သူတို့ဘက်က ခြေပြတ် လက်ပြတ်တွေ ဖြစ်ကုန်တယ်၊ ကျနော်တို့က နယ်မြေအရ အထက်ဘက်ကနေ ပစ်ခွင့်ရတော့ လက်နက်ကြီးနဲ့ ထုတယ်၊ စနိုက်ပါ တွေပါတယ်။ ပျူတွေဆို ကြောက်လန့် အော်ဟစ်ပြီး ဟိုဘက်ကမ်းကို ပြန်ကူးပြေးကြတယ်၊ အဲဒီမှာ အကျဆုံးများပြီး လောင်းပြည့်ရွာဘက်ကို ပြန်ဆုတ်သွားတယ်၊ သံပေါက်ရွာကို မီးရှို့တယ်” ဟု Myanmar Defense Force ကွန်မန်ဒိုတပ်ရင်းမှ ပြန်ကြားရေးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားရာနေရာသည် ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းတွင် ဖြစ်ပြီး ပျူစောထီးများအားကောင်းသည့် ပန်ဆက်နှင့် တောင်ဖြူရွာများသည် အနောက်ဘက်ကမ်းတွင် တည်ရှိသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို MDF-Special Force၊ DRPA၊ စစ်ကိုင်း PDF တပ်ရင်း ၃၊ ရွေဘိုခရိုင် တပ်ရင်း ၉၊ KPDF 1၊ ပ.ကဖများနှင့် မဟာမိတ် ပြည်သူ့ကာကွယ်ရေး တပ်ရင်း တပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။

ဇင်ကလဲကျေးရွာအနီးတွင် အင်အား ၁၅၀ ခန့်ပါသော အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၈၇ ခြေလျင်စစ်ကြောင်းကို ယမန်နေ့ ဧပြီလ ၂၆ ရက် နံနက်တွင် ဒေသကာကွယ်ရေးမဟာမိတ် ၆ ဖွဲ့ပူးပေါင်းကာ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၂၁ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း အဆိုပါ ဒေသရှိ ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်သည့် အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် (DRPA) က သတင်းထုတ်ပြန်သည်။

အကျအဆုံးများသော စစ်ကောင်စီတပ်သည် ဇင်ကလဲရွာကို စစ်ကောင်စီတပ်ဖွဲ့များ ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ပျက်စီးဆုံးရှုံးမှုများကြောင်း သိရှိရသည်။

ဧပြီလ ၂၇ နှင့် ၂၈ ရက်နေ့ တိုက်ပွဲများတွင် ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များ၏ ထပ်မံတိုက်ခိုက်ခြင်းခံရပြီး အကြမ်းဖက်စစ်ကောင်စီတပ်သည် အင်အား ၃၀ ကျော်သာ ကျန်ရှိတော့ကြောင်း၊ ကနီဒေသ ပကာကျေးရွာဘက်သို့ ဆုတ်ခွာသွားကြောင်း MDF ကွန်မန်ဒိုတပ်ရင်းထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article