25 C
Yangon

စစ်တပ်မှ ဗိုလ်မှူး အပါအဝင် စစ်သား ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံးပြီးနောက် ကော့မှူးနှင့် ကွမ်းခြံကုန်း ကျေးရွာများမှ ပြည်သူ ၃၅၀ ကျော်ကို စစ်တပ်က ဖမ်းဆီးညှဉ်းပန်းနှိပ်စက်နေ

Must read

ရန်ကုန် ၊ မေ ၅

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်တွင် စစ်တပ်မှ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သား ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံးပြီးနောက် ကော့မှူးနှင့်ကွမ်းခြံကုန်းကျေးရွာများမှ ပြည်သူ ၃၅၀ ကျော်ကို စစ်တပ်က ဖမ်းဆီးနှိပ်စက် ညှဉ်းပန်းလျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

ရန်ကုန်တိုင်း၊ ကော့မူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်များတွင် မေလ ၃ ရက်နေ့မှ စတင်ကာ စစ်တပ်က ငှက်အော်စမ်းကျေးရွာ၊ သံကြိုးကျေးရွာ၊ ညောင်ထောက်ကျေးရွာ၊ ရေတာရှည်ကျေးရွာများအတွင်း ဝင်ရောက်ပြီး ပြည်သူရာနှင့်ချီကို ဖမ်းဆီးနှိပ်စက်နေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သို့ သတင်းပေးပို့သည်။

“ငှက်အော်စမ်းမှာ စစ်တပ် ဗဟိုအထိုင်ချပြီး ရွာတွေကို မွှေနေတာပါ။ အ.ထ.က ကျောင်းထဲမှာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

မေလ ၃ ရက်‌နေ့ ညနေပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းကို ညောင်ထောက်၊ ရေတာရှည်နှင့် ငှက်အော်စမ်းကျေးရွာများအကြားတွင် ပစ်ခတ်ခဲ့ပြီး ပစ်ခတ်မှုကြောင့် ဗိုလ်မှူးတစ်ဦးနှင့် တပ်သား တစ်ဦး သေဆုံးကာ၊ နှစ်ဦး အရေးပေါ်သို့ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

ထိုတိုက်ခိုက်မှုကြောင့် စစ်တပ်က နီးစပ်ရာ ကျေးရွာများအတွင်းဝင်ရောက်ကာ ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီ အင်အား ၅၀ ခန့်သည် မေလ ၃ ရက်နေ့တွင် ငှက်အော်စမ်းကျေးရွာသို့ ဝင်ရောက်ကာ ပြည်သူ ၁၀၀ ခန့်ကို ဖမ်းဆီးထားပြီး ယနေ့ မေလ ၅ ရက်နေ့တွင် ငှက်အော်စမ်းရွာလယ်ပိုင်းတွင်လည်း ပြည်သူများကို ထပ်မံဖမ်းဆီးနေကြောင်း ၊ ဖမ်းဆီးထားသူများကို ကျေးရွာ စာသင်ကျောင်းအတွင်း ဖမ်းဆီးနှိပ်စက်နေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

ကွမ်းခြံကုန်းအပိုင် သံကြိုးကျေးရွာသို့လည်း မေလ ၃ ရက်နှင့် ၄ ရက်နေ့များတွင် အကြမ်းဖက်စစ်ကောင်စီတပ်များ ဝင်ရောက်ကာ ရွာလုံးကျွတ်နီးပါး ပြည်သူ ၂၂၀ ခန့်ကို ဖမ်းဆီး စစ်ဆေးနှိပ်စက်ကြောင်း၊ မေလ ၄ ရက်နေ့တွင်မူ ရွာသားများကို ပြန်လွှတ်ကာ အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးကို ကွမ်းခြံကုန်းဘက်ကို ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ကော့မှူးမြို့နယ် ညောင်ထောက်ကျေးရွာတွင်မူ မေလ ၃ ရက်နေ့က အကြမ်း ဖက်စစ်ကောင်စီ၏ ဖမ်းဆီးခံရသူ ၃ ဦးရှိပြီး မေလ ၄ ရက်‌နေ့တွင် ဧည့်စာရင်းစစ်ဆေးခဲ့ကြောင်း၊ ထပ်မံ ဖမ်းဆီးမှုများ ရှိနိုင်ကြောင်း၊ လက်ရှိအချိန်တွင် ရွာထိပ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ကားကြီးတစ်စီးနှင့် ကားသေးတစ်စီး ရပ်ထားကာ အင်အား ၃၀ ကျော်နှင့် စောင့်နေကြောင်း ဒေသခံများက ပြောကြားသည်။

ကော့မှူးမြို့နယ်ရေတာရှည်ကျေးရွာတွင်မူ မေလ ၄ ရက်‌နေ့ ည ၁၀ နာရီကျော်မှ စကာ အကြမ်းဖက်စစ်ကောင်စီတပ်များသည် ရွာလယ်ပိုင်းနှင့် အနောက်ပိုင်းတွင် သက်ကြီးရွယ်အိုများမချန် ကလေးများကိုပါ ဖမ်းဆီးပြီး လူလတ်ပိုင်းနှင့် လူငယ်အချို့ကို ရိုက်နှက်နှိပ်စက်နေကြောင်း ၊ ယနေ့ မေလ ၅ ရက်နေ့ နံနက်ပိုင်းတွင်မူ ရွာသား ၁၀ ဦးခန့် ကိုယ်တုံးလုံးနှင့် လက်ပြန်ကြိုးတုတ်ပြီး ငှက်အော်စမ်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဆွဲသည့် နေရာကို ခေါ်ဆောင်သွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ဓာတ်ပုံ- စစ်တပ်က ပြည်သူတချို့ကို ယမန်နှစ်ကာလ ဖမ်းဆီးမှုမြင်ကွင်း။(ပုံအဟောင်းဖြစ်သည်)

Photo- AFP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article